ရေငတ်ခြင်းအမှန်ကို အာသာပြေစေပါ

အပေါင်းအသင်းတွေနဲ့ ပါတီလုပ်တာ ပျော်စရာပါ။ ဒါပေမယ့် “ဘာကြောင့် သောက်နေကျအတိုင်း ငါ အမြဲသောက်မိနေရတာလဲ?” လို့ စဉ်းစားမိပါသလား? ဒီအကြောင်းအရာလေးက ရှင်းပြကောင်း ရှင်းပြပေးပါလိမ့်မယ်။

ဂျူဒီကလာ့က်ထံမ

နွေရာသီတစ်ခု ကော်လိုရာဒိုမှာ သူငယ်ချင်းတစ်ယောက်နဲ့ကျမတို့ နယူးမက်ဆီကိုဖက်ကနေလာတဲ့ အိမ်ပြေးလူငယ်တချို့နဲ့ တွေ့ခဲ့ကြပါတယ်။ သူတို့ဟာ အထက်တန်းကျောင်းကနေ ထွက်ခဲ့ကြတယ်။ ကပြဖျော်ဖြေ ငွေကြေးတောင်းခံပြီး လှည့်လည်သွားလာနေကြတာပါ။ ဒီအတိုင်းကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ သူတို့ဘဝတစ်ခုလုံး အကျိုးမဲ့ဖြုန်းတီးနေကြတာလို့ သင်ထင်မိလိမ့်မယ်။ ဒါပေမယ့် ဂယ်ဘရီယယ်လ်၊ ရှန်း၊ မက်၊ ပီတာ သူတို့နဲ့ နာရီတချို့အတူ စကားပြောကြည့်တဲ့အခါမှာတော့ သူတို့ဟာ လူအများစုတောင့်တနေတဲ့ဘဝတစ်ခုကို လက်တွေ့နေထိုင်နေကြတယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်။

ဒီလူတွေဟာ ငွေကြေးနည်းနည်း၊ အိမ်မရှိ၊ အဝတ်အစား ပေပေစုတ်စုတ်နဲ့ အသက်ရှင်ရုံတမယ် အစားအသောက်မလောက်တလောက်နဲ့ နေကြတာပါ။ ကျမတို့သူငယ်ချင်းနှစ်ယောက် သူတို့ကို ညနေစာစားဖို့ ဖိတ်ပါတယ်။ ကျမတို့ဟာ ထမင်းပွဲမှာထိုင်ပြီးတော့ သူတို့ ဟမ်ဘာဂါ၊ ဘူရိတော့စ်နဲ့ သစ်သီးရည်တွေ အငမ်းမရ စားသောက်နေကြတာကိုပဲ ကြည့်နေမိကြတယ်။ ပြီးတော့ သူတို့ရဲ့ဇာတ်ကြောင်းတွေကို နားထောင်ကြပါတယ်။ သူတို့ဟာ မိသားစုလိုပဲဆိုတာ သိလိုက်ကြရတယ်။

စစ်မှန်သောလူမှုဆက်ဆံရေးများ - ကျမတို့အားလုံးတောင့်တတဲ့အရာ

သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြတယ်။ တစ်ယောက်ယောက်က တစ်ခုခုရရင် ဝေမျှကြတယ်။ တစ်ယောက်ဆို သူ့အစားအစာတစ်ဝက်ပဲစားတယ်၊ ဘာလို့လဲဆိုတော့ နောက်တစ်ဝက်ကို သူတို့နဲ့ပါမလာတဲ့သူငယ်ချင်းအတွက် ချန်ထားပေးချင်လို့လေ။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက်စောင့်ကြည့်ပေးကြတဲ့အကြောင်း သူတို့ပြောပါတယ်။ သူတို့ဟာ တစ်ယောက်အပေါ်တစ်ယောက် မိဘတွေလို ဂရုစိုက်ကြတာပါ။ တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ကြပါတယ်။ သူတို့ ကြောက်တတ်ကြတဲ့အကြောင်း၊ သူတို့မိခင်တွေကို လွမ်းကြတဲ့အကြောင်း၊ အစွန့်ပစ်ခံရတဲ့အကြောင်းတွေ၊ အဆာငတ်ရတဲ့အကြောင်းတွေကို ပြောပြကြပါတယ်။ ကျမ ဘယ်တော့မှရွေးချယ်မှာမဟုတ်တဲ့ ဘဝပုံစံအတိုင်း နေထိုင်ခဲ့ကြရပါတယ်။ ဒါပေမယ့် သန့်ရှင်းသန့်ရပ်၊ ပညာတတ်၊ “လက်ခံနိုင်ဖွယ်” သာမန်လူအများကြီးက မပိုင်ဆိုင်တဲ့အရာတစ်ခု သူတို့ ပိုင်ဆိုင်ပါတယ်။

သူတို့ဟာ တစ်ဦးကိုတစ်ဦး ပိုင်ဆိုင်တယ်။ စစ်မှန်တဲ့ဆက်ဆံရေးတွေရှိတယ်။ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး အချိတ်အဆက်မိမိ နေထိုင်ကြပါတယ်။

အဲဒါ ကျမတို့အားလုံး လိုချင်တဲ့အရာပါပဲ။ ကျမတို့ဟာ စစ်မှန်တဲ့ဘဝကို လိုချင်ပါတယ်။ ကျမတို့ဟာ မြီးတိုပါးတွဲကြွက်တွေလို ဝင်္ကပါထဲမှာ တစ်ကောင်တည်း ခြေတိုအောင် တနေကုန်ပြေးပြီး ခရီးမရာက်တဲ့သူလို မဖြစ်ချင်ကြပါဘူး။ အခြားသူများနဲ့ ဆက်သွယ်ချင်တယ်။ ချိတ်ဆက်နေချင်တယ်။ တစ်ဦးနဲ့တစ်ဦးဂရုစိုက်တဲ့ အသိုင်းအဝိုင်းဝင်တစ်ယောက် ဖြစ်ချင်ကြပါတယ်။

ကျမသူငယ်ချင်းရေဗက္ကာဟာ ဗန်ဒါဘိလ်ထ်တက္ကသိုလ်ကနေ မကြာခင်ကမှ ကျောင်းပြီးလာပါတယ်။ “တကယ့်ကမ္ဘာ”ထဲကို ရောက်လာတဲ့အခါမှာတော့ သူမက “အားမစ်ရှ်တွေသာ ဖြစ်လိုက်ချင်တော့တယ်” လို့ ပြောပါတယ်။ သူမပြောတာ အားမစ်ရှ်*တို့ရဲ့ဘာသာရေးနဲ့ မဆိုင်ပါဘူး၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအကြောင်းကို ပြောတာပါ။ အားမစ်ရှ်တွေမှာ အိမ်နီးနားချင်းတွေ၊ မိသားစုတွေရှိတယ်လေ။ တစ်ဦးရဲ့စပါးကျီတိုက်တွေ တစ်ဦးကူဆောက်ပေးတယ်။ တစ်ယောက်ယောက် အန္တရာယ်ကြုံရင် ကယ်ဆယ်ဖို့ အားလုံးလာကြတယ်။ ဘဝဟာ ရိုးရှင်းပြီး အေးဆေးတယ်။ ပြီးတော့ ဘာအရေးပဲဖြစ်ဖြစ် သင်ဖြေရှင်းနိုင်တယ်လေ။ ဘာလို့လဲဆိုတော့ သင်တစ်ဦးတည်းမဟုတ်ဘူးဆိုတာ သိလို့ပေါ့။ အဲဒါအရမ်းကောင်းတယ်မဟုတ်လား?

ကျမတို့ဟာ ကြာရှည်ခံပြီး ယုံကြည်စိတ်ချမှု၊ ပျော်ရွှင်မှုအပြည့်အဝရှိတဲ့ လူမှုဆက်ဆံရေးမျိုးကို ဆာငတ်နေကြတယ်လို့ ကျမထင်ပါတယ်။ ကျမတို့တော်တော်များများဟာ ဘယ်လိုမိသားစုမျိုးမှာ ကြီးပြင်းလာကြသလဲဆိုတော့- ဖခင်တွေက နောက်ထပ်ရာထူးတက်ဖို့ ရုံးမှာ [အလုပ်ခွင်မှာ] နောက်ကျတဲ့အထိ အလုပ်လုပ်၊ ဒါဆို သူတို့ Rolex (ဝါ) Beemer ဆိုတဲ့ နာရီအကောင်းစား ဝယ်နိုင်မှာလေ။ မိခင်တွေကလည်း ကောလိပ်ဘွဲ့တွေရှိတယ်ဆိုတော့ မိသားစု အပိုဝင်ငွေလိုအပ်လို့ဆိုပြီး အလုပ်လုပ်ကြပြန်တယ်။ ကျမတို့မိဘတွေဟာ အိမ်မိုးရိပ်တစ်ခုအောက်မှာ အတူတူနေထိုင်ကြတာပါပဲ၊ ဒါပေမယ့် အဲဒါ သမာရိုးကျလို ဖြစ်လာတယ်။ ဆက်ဆံရေးတွေ ကျဲ၊ အားနည်းလာပြီး လင်မယားကွာရှင်းမှုနှုန်းတွေ တဟုန်ထိုးတက်လာတယ်။

အရက်သေစာမူးယစ်ခြင်း - ကျန်းမာတဲ့ဆက်ဆံရေးတွေအတွက် ခေတ်သစ်အစားထိုးမှု

ကျမတို့ဟာ သူငယ်ချင်းတွေ စုစုစည်းစည်း နွေးနွေးထွေးထွေး ရှိတဲ့နေရာမှာ တီဗီ (သို့) ဗီဒီယိုတွေ ကြည့်ချင်ကြပါတယ်။ ကျမတို့ကိုယ်တိုင်ကိုက အဲလိုကို အရမ်းဖြစ်ချင်တာလေ။ ကျမတို့ဟာ နွေးထွေးတဲ့ဆက်ဆံရေးတွေ လိုချင်တယ်၊ လိုလည်းလိုအပ်တယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့ရဲ့ဆက်ဆံရေးတွေက နာကျင်ပြီး စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတတ်ကြပါတယ်။

ဒါဆို ဘယ်လိုလုပ်ကြမလဲ? ဘယ်သူကိုယ့်ကို ဖြေသိမ့်ပေးနိုင်မလဲ? ဘယ်သူ့ဆီ အားကိုးတကြီး ပြေးရမလဲ? နွေးထွေးစွာချိတ်ဆက်မှုမရှိတဲ့ကမ္ဘာထဲကနေ ကိုယ့်ကို ဘယ်သူလွတ်မြောက်စေမလဲ? ခဏလောက်ဖြစ်ဖြစ်ပေါ့။

သင်ဟာ ကောလိပ်ကျောင်းသားအများစုနဲ့တူရင် ဘီယာစည်ကိုဖက်တွယ်မယ်၊ ဒါမှမဟုတ် ဂျေဒီအရက်ပုလင်းကို ပွတ်သပ်နေမှာပဲ။ ယမကာက သင့်ကို ခံစားရကောင်းစေပြီး စိတ်ဖြေလျော့စေပါတယ်။ အဲဒါကို သင်လိုချင်တဲ့အချိန်မှာ အမြဲတမ်းရနိုင်တယ်လေ။ သင် ဘယ်လိုပုံစံဖြစ်နေဖြစ်နေ သူဂရုမစိုက်ဘူး။ သင့်ကို ပျော်စေတယ်၊ ဆွဲဆောင်တယ်၊ အမြဲလက်ခံတယ်လေ။ ပြီးတော့ တခြားလူတွေနဲ့ အတူထိုင်တဲ့အခါ ဖြစ်တတ်တဲ့ အနေထိုင်ကျဉ်းကျပ်မှုကိုလည်း ဖြေဖျောက်ပေးပါတယ်။

အဲဒီလို လူမှုဆက်ဆံရေးတွေက တခဏတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သင် သတိဝင်လာတယ်။ အဲဒါ ခဏတာပဲ ခံတာကိုး။

မတွေ့နိုင်မယ့်နေရာတွေမှာ မေတ္တာသွားရှာနေတာဟာ ဘာမှအံ့သြစရာမဟုတ်သလို ဖြစ်လာနိုင်ပါတယ်။ စာရေးဆရာနဲ့ စိတ်ပညာရှင် ဒေါက်တာဟင်နရီကလောက်က “လူ့အသက်အစပိုင်း ပထမအစောပိုင်း နှစ်အနည်းငယ်အတွင်း၌ ကျွန်တော်တို့အားလုံး မေတ္တာလိုအပ်ပါသည်။ ယင်းမေတ္တာကို မရရှိပါက ယင်းကို ကျွန်တော်တို့ တသက်လုံး ငတ်မွတ်သွားတတ်ပါသည်။ မေတ္တာငတ်ခြင်းသည် အလွန်ပြင်းထန်သဖြင့် ၎င်းကို လူတွေနှင့်ဆက်ဆံရာ၌ မတွေ့သောအခါ အခြားအရာများတွင် ရှာဖွေပါတော့သည်- ဥပမာ၊ အစားအစာ၊ အလုပ်၊ လိင်ပိုင်းဆိုင်ရာအလေ့အထ၊ သို့မဟုတ် ငွေသုံးဖြုန်းခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ သို့မဟုတ် အလုပ်အလွန်အကျွံလုပ်ခြင်း စသည်တို့တွင် ဖြစ်ပါသည်။” လို့ ရေးသားခဲ့ပါတယ်။

အယ်လဘားမားတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ ရှယ်လီက “ဘားတွေမှာ သူငယ်ချင်းတွေနဲ့ မူးတဲ့အခါဆို ညတိုင်း အတူထိုင်ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို နောက်နေ့ ကျောင်းဝင်းထဲမှာတွေ့တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ပြောစရာတောင် အစရှာမရကြဘူး။” လို့ ပြောပါတယ်။ ရှယ်လီ့မှာ အပေါင်းအသင်းတွေ ရှိပါတယ်။ ဒါပေမယ့် သူမက ဒါဟာ အလွန်ဆုံး အပေါ်ယံကြောလောက်ပါပဲလို့ ဆိုပါတယ်။ တကယ်ဆို သူမရဲ့တကယ့်လိုအပ်ချက်ဖြစ်တဲ့ လူတွေနဲ့ချိတ်ဆက်ခြင်းဆိုတာ သာမန်ကာလျှံကာ တွေ့ဆုံခြင်းသက်သက်လောက်ပဲ မဟုတ်ဘူးလေ။

တစ်ဖက်မှာတော့ ဘင်းဆိုတဲ့လူငယ်လေးဟာ သူငယ်ချင်းတွေနဲ့ ထွက်ထွက်သောက်ကြတယ်။ အရက်က သူတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေအကြောင်း ပြောထွက်နိုင်စေတယ်လေ။ သူတို့ရဲ့ခင်မင်မှုဟာ ပိုလေးနက်လာသလိုပါပဲ။ ဒါပေမယ့် ဘင်းက “ဒီ အရက်ရဲ့အကူအညီမပါဘဲ ကျနော် ပင်ကိုယ်အတိုင်း နေနိုင်ဖို့ သင်ယူရဦးမယ်။” လို့ ပြောပါတယ်။

ကျမတို့ အမှန်သောက်ချင်တဲ့အရာ

ဒေါက်တာကလောက် ဆက်ပြောတာက “လူတို့သည် ပုံမှန်အားဖြင့် အရာတစ်ခုခုကို စွဲလန်းတတ်ကြပါသည်။ ဥပမာ- အရက်၊ ဘိန်းဖြူ၊ ယာဉ်မြန်နှုန်း၊ အလုပ်၊ လောင်းကစား၊ မကောင်းရာတွန်းပို့သော အပေါင်းအသင်း၊ ဘာသာရေးအစွန်းရောက်ခြင်း၊ အောင်မြင်မှုနဲ့ ရုပ်ဝါဒ စသည်များတွင်ဖြစ်သည်။ သို့သော် ဤအရာ၊ ဤလုပ်ဆောင်မှုများက မည်သို့မျှ မတင်းတိမ်စေပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့က တကယ့်ပြဿနာကို မဖြေရှင်းပေးပါ။ ကျွန်တော်တို့သည် အမှန်စင်စစ် အရက်၊ မူးယစ်ဆေး၊ လိင်အပျော်အပါးများ မလိုအပ်ပါပေ။ ဤအရာများမပါဘဲ ကျွန်တော်တို့ ကောင်းမွန်စွာအသက်ရှင်နိုင်ပါသည်။ ကျွန်တော်တို့ အမှန်တကယ် လိုအပ်သောအရာကား စစ်မှန်သောလူမှုဆက်ဆံရေးသာလျှင်ဖြစ်သည်။ ထိုအရာမပါဘဲ ကျွန်တော်တို့ ကောင်းမွန်စွာ အသက်မရှင်နိုင်ပါ။”

ကျောင်းသားတွေကို ဘာကြောင့်သောက်သလဲလို့မေးရင် အများစုက “အပျော်ပါ” လို့ပဲ ပြန်ဖြေတတ်ကြတယ်။ အပေါ်ယံအားဖြင့် ဒါ လက်ခံနိုင်စရာအဖြေပါပဲ။ ဒါပေမယ့် အဲဒီအပျော်ရဲ့နောက်ကွယ်မှာ အမှန်တကယ် အစကတည်းက ဘာကြောင့်သောက်ရသလဲဆိုတာ သင် စဉ်းစားကြည့်ဖူးပါသလား? အကြောင်းရင်းက စိတ်ဖိစီးမှုကနေ ယာယီလွတ်မြောက်လိုမှု၊ အနာဂတ်အတွက် မသေမရေရာမှု၊ ဒါမှမဟုတ် လူမှုဆက်ဆံရေးဖိအားတွေကြောင့် ဖြစ်နိုင်ပါတယ်။

သင့်မှာ လူမှုဆက်ဆံရေးကောင်းကောင်းပိုင်ဆိုင်တယ်ဆိုရင် တခြားအရာတွေမှာ လုံခြုံမှုရှာစရာမလိုဘူးလေ။ အရက်၊ လိင်၊ အစာ ဒါတွေမှာ။ ကောင်းမွန်တဲ့လူမှုဆက်ဆံရေးမျိုးရှိတဲ့အခါ အဲဒီကွက်လပ်ကို တခြားအရာတစ်ခုခုနဲ့ အစားထိုးဖြည့်ဆည်းဖို့ သိပ်ကြိုးစားတော့မှာမဟုတ်ပါဘူး။ အဲဒီလိုဆက်ဆံရေးတွေရှိရင် အကြီးမားဆုံးသော လိုအပ်ချက်တွေတချို့ဟာ ပြည့်ဝသွားပြီလေ။

ဒေါက်တာကလောက်က “လူမှုစုရုံးခြင်း (bonding) သည် လူ့ဘောင်လောကကြီး၏ အခြေခံအကျဆုံးသော ရည်ရွယ်ချက်များအနက်တစ်ခုဖြစ်ပါသည်။ ၎င်းသည် လူ့အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့အား လူမှုဆက်ဆံရေးကို ငတ်မွတ်တောင့်တရန် -- သူနှင့် ကျွမ်းဝင်ဆက်ဆံရေးရှိရန်နှင့် အခြားလူများနှင့် ကျွမ်းဝင်ဆက်ဆံရေးရှိရန် -- ဖန်ဆင်းခဲ့ပါသည်။ တကယ့်အတွင်းစိတ်၌ ကျွန်တော်တို့သည် အပြန်အလှန်ဆက်ဆံမှုရှိသောသတ္တဝါများ ဖြစ်ကြပါသည်။ ခိုင်မာပြီး ဆက်စပ်နေသောလူမှုဆက်ဆံရေးမရှိပါက လူသား၏စိတ်ဝိညာဉ်သည် စိတ်ပိုင်းဆိုင်ရာနှင့် ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ၌ နွံနစ်၍လာပါတော့သည်။ အခြားသူများနှင့် ဆက်ဆံမှု၊ ချိတ်ဆက်မှုမရှိဘဲ စိတ်သည် မရှင်သန်နိုင်ရာ။” လို့ ဆက်ရေးပါတယ်။

ခိုင်မာတဲ့ဆက်ဆံရေးမျိုးရဖို့ ကျမတို့ဘယ်လိုသင်ယူမလဲ? မိမိကိုယ်ကိုမိမိ ရိုးသားခြင်းနဲ့ အစပြုပါ။ အရက်သောက်ခြင်း၊ အစားကျူးခြင်း (သို့) အစားနည်းခြင်း၊ လိင်အလွဲသုံးစားပြုခြင်း၊ ဒါမှမဟုတ် အရာရာမှာပြည့်စုံဖို့ ကိုယ့်ကိုယ်ကိုမောင်းနှင်နေတာတွေရဲ့အကြောင်းရင်းဟာ သင် စစ်မှန်တဲ့ဆက်ဆံရေးမျိုး လိုချင်လို့များလား?

အဲဒါဆိုရင်၊ လူတွေနဲ့ဆက်ဆံရေးတည်ဆောက်မှုအကြောင်း (ဒေါက်တာကလောက်ရဲ့စာအုပ်တွေအပါအဝင်) စာအုပ်ကောင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျန်းမာတဲ့လူမှုဆက်ဆံရေးအတွက် စစ်မှန်တဲ့အခြေခံပေးတဲ့ လူမှုဆက်ဆံရေးသော့ချက်တစ်ခုရှိပါတယ်။ ဒေါက်တာကလောက်က- ကျမတို့ လူနဲ့ဘုရား နှစ်ဦးစလုံးနဲ့ ထိရောက်စွာချိတ်ဆက်ဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ ပြင်သစ်အတွေးအခေါ်ပညာရှင်နဲ့ ရူပဗေဒပညာရှင် ဘလေ့စ်ပယ်စကာလ်က- လူတိုင်းရဲ့နှလုံးသား တစ်နေရာမှာ ဖန်ဆင်းခံပစ္စည်းတွေ ဖြည့်ဆည်းလို့မပြည့်နိုင်တဲ့ ဘုရားပုံစံပြုထားတဲ့ ဟာကွက်တစ်ခုရှိတယ်လို့ ပြောခဲ့ပါတယ်။

အဲဒီဆက်ဆံရေးမျိုး သင်ပိုင်ဆိုင်မယ်ဆိုရင်ကော?

ကျမတို့ကိုဖန်ဆင်းတဲ့ဘုရားနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မလား? ကျမတို့ ဘုရားနဲ့ဆက်သွယ်လို့ရမလား? စည်းကမ်းချက်တွေတသီကြီးထုတ်ပြန်မယ့်ဘုရားအကြောင်း ကျမပြောနေတာမဟုတ်ပါဘူး။ ဒါမှမဟုတ် အမှားအယွင်းသေးသေးလေးကိုတောင် ဖမ်းမယ်တကဲကဲလုပ်မယ့် ကောင်းကင်က ရဲသားကြီးလည်း မဟုတ်ပါဘူး။ ကျမပြောတဲ့ဆက်ဆံရေးက မေတ္တာ၊ သမ္မာတရား၊ လွတ်လပ်မှုနဲ့ အတွင်းစိတ်ငြိမ်သက်ခြင်းတွေ အပေါ်အခြေခံတဲ့ ဘုရားသခင်နဲ့ဆက်ဆံရေးမျိုးပါ။

ဘုရားသခင်က သင့်ကို သူ့ကိုသိဖို့ ဖန်ဆင်းတာဖြစ်ပါတယ်။ သင့်ဖြစ်ခြင်းရဲ့အတွင်းပိုင်းမှာတော့ အဲဒါကို သင်သိပါတယ်။ ဒါပေမယ့် ကျမတို့အားလုံးရဲ့ပုန်ကန်တဲ့စိတ်တွေကတော့ ဘုရားကို “ဟာ၊ မင်းလမ်းမင်း လျှောက်ပါကွာ။ ငါ့လမ်းငါလျှောက်မယ်။ ငါမလိုအပ်ရင် လာမနှောင့်ယှက်ပါနဲ့။” လို့ ပြောနေတယ်။ တချို့က အဲဒီလိုကို ပါးစပ်ကပြောတာပါ။ တချို့ကထင်တယ်- အဲဒီဘုရားတရားအကြောင်းကြီးကို လျစ်လျူရှုလိုက်ရင် သူ့ဖာသာ ပျောက်ကွယ်သွားလိမ့်မယ်လို့။ ပြီးတော့ တချို့က ဘုရားနဲ့ဆက်ဆံရေးလိုချင်တယ်ပြောပြီး ဘုရားဆီကို ကိုယ်ကြိုက်တဲ့လမ်းအတိုင်းသွားလိုကြတယ် -- ကိုယ့်လမ်းကိုထွင်ဖို့ကြိုးစားတာလေ။ အမှန်က အဲဒီ ပြီးပြည့်စုံတဲ့ဘုရားနဲ့ဆက်ဆံရေး ကျမတို့ဘယ်သူမှ မထိုက်တန်ပါဘူး၊ ရှာကြံလို့မရပါဘူး။

အရက်သောက်ခြင်းနဲ့ အစားကျူးခြင်းမှာ အကျိုးဆက်တွေရှိသလို ဘုရားကို ပုန်ကန်ခြင်းနဲ့ လျစ်လျူရှုခြင်းမှာလည်း ရှိပါတယ်။ အဲဒီအကျိုးဆက်ပြဿနာတွေကို သင်တောင် သတိထားမိချင်မှ ထားမိလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးမှာ သင့်ကိုအမှီလိုက်လာမှာဖြစ်ပါတယ်။ ဘုရားသခင်ကတော့- အကျိုးဆက်တွေဟာ သူထံကနေ ထာဝရကင်းကွာခြင်းလို့ပြောပါတယ်။ သင်အခု ကောလိပ်မှာ ပျော်ပါး၊ အနာဂတ်အတွက်ပြင်ဆင်ပြီး နေရင်နေလိမ့်မယ်။ ထာဝရဆိုတဲ့စကားလုံးကြီးတွေအကြောင်း စဉ်းစားဖို့ ခက်ပါတယ်။ ဒါပေမယ့် ဘယ်သူပြောလို့ရမလဲ- အသက်၂၀ ပဲရှိသေးတဲ့ ကျမသူငယ်ချင်းစတီးဗ်ဟာ သင် ဒီစာကိုဖတ်နေတဲ့အချိန်မှာ သက်ရှိထင်ရှား ရှိချင်မှရှိတော့မယ်။ သူ အိတ်ခ်ျအိုင်ဗီပါတဲ့သွေးကနေ ကူးစက်လို့ သေခါနီးဆဲဆဲဖြစ်နေပြီ။ သူ အခုချိန်မှာ ထာဝရအကြောင်းနဲ့ ရင်မဆိုင်ချင်လို့ မရတော့ပါဘူး။

ဘုရားသခင်က ဒီလောကနဲ့ နောင်တမလွန်အတွက်ပါ ကျမတို့ သူ့ကိုသိဖို့ လမ်းတစ်လမ်းပြင်ဆင်ပေးပါတယ်။ ယေရှုကို ကျမတို့နေရာမှာ အစားထိုးပြီး၊ ဖြောင့်မတ်စွာအသက်ရှင်ဖို့ရန် စေလွှတ်ခြင်းအားဖြင့်ပါ။ ဒါတင်မဟုတ်ပါဘူး။ ကျမတို့ ကိုယ့်အပြစ်အတွက် အပြစ်ဒဏ်ထိုက်တန်ရဲ့သားနဲ့ ကျမတို့ကိုယ်စား ယေရှုကိုယ်တိုင် လက်ဝါးကားတိုင်မှာ အသေခံခဲ့တာပါ။ ဘုရားကိုသိဖို့ ကျမတို့လုပ်ရမှာကတော့- ပြီးပြည့်စုံတဲ့ဘုရားကနေ ကျမတို့ကိုခွဲခွာတဲ့ ကျမတို့အရှုပ်ထုတ်တွေအတွက် ယေရှုကပေးဆပ်ခဲ့ပြီးပြီ ဆိုတဲ့အချက်ကို ယုံကြည်ဖို့ပါပဲ။ အဲဒါကိုလက်ခံပြီးတော့ သူ့အပေါ်ယုံကြည်ပါ။ မဟုတ်ရင်လည်း သူ့ကိုငြင်းပယ်လို့လည်း ရပါတယ်။ အဲဒါ သင့် ဆုံးဖြတ်ချက်အတိုင်းပါ။

ကျမ ဘုရားကိုဆုတောင်းတုန်းကတော့ ကျမသူ့ကိုသိချင်တယ်၊ ပြီးတော့ ကျမအတွက်သေခဲ့တယ်ဆိုတာကို ယုံကြည်ပါတယ်လို့ ပြောခဲ့ပါတယ်။ သူနဲ့ ဆက်ဆံရေးတစ်ခု စတင်တည်ဆောက်ခဲ့ပါတယ်။ အဲဒီခါမတော့ စကြာဝဠာတခုလုံးရဲ့ဘုရားနဲ့ ချိတ်ဆက်မိပါပြီ။ ကျမတို့ရဲ့ဆက်ဆံရေးဟာ ခိုင်မာလာတာနဲ့အမျှ ကျမဘဝဟာ ပြောင်းလဲလာပါတယ်။ ကျမ ဟိုဒီပြေးပြီး ကိုယ့်ကိုကျေနပ်မှုပေးမယ့်အရာ -- ငွေ၊ အရက်၊ အလွန်အကျွံ အောင်မြင်လိုခြင်း -- တွေကို ရှာစရာမလိုတော့ဘူး။ သူ့ကိုရှောင်နေမိတဲ့အခါကျရင်တော့ ကျမဟာလမ်းပျောက်ပြီး အဲဒီလိုအပ်နေတဲ့အစိတ်အပိုင်းတစ်ခုကို ရှာနေတော့တာပဲ။

သင် ဘာတွေရင်ဆိုင်နေရသလဲ ကျမ မပြောတတ်ပါဘူး။ သင့်ဘဝမှာ အဲဒီရောဂါလက္ခဏာတွေ ဘယ်လို ပြနေသလဲဆိုတာ ကျမမသိပါဘူး။ အရက်အလွန်အကျွံသောက်ခြင်း၊ လိင် သို့မဟုတ် မူးယစ်ဆေးဝါး ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကာယလေ့ကျင့်ခန်း အလွန်အကျွံလုပ်တာတို့၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ကျေနပ်မှုရှိဖို့် [ကျောင်းမှာ] အဆင့်တစ်,တွေကြီးပဲရအောင် အလွန်အကျွံကြိုးစားနေတာတို့။ ဒါတွေအားလုံးဟာ လူနဲ့ဆက်သွယ်ဖို့၊ ဘုရားနဲ့ဆက်သွယ်ဖို့လိုအပ်ချက်အစစ်နေရာကို အစားထိုးတဲ့အရာတွေသက်သက်ပါ။ ဘုရားနဲ့ဆက်သွယ်ခြင်းအားဖြင့်သာ ပြည့်နိုင်တဲ့ကွက်လပ်ကြီးတစ်ခု ကျမတို့အားလုံးမှာရှိပါတယ်။

ဘုရားသခင်နဲ့ဆက်ဆံရေးတစ်ခု သင်အခုပင် အစပြုချင်မယ်လို့ထင်ပါတယ်။ သင်လုပ်ရမှာကတော့ ပြောချင်တာ သူ့ကိုသာပြောပြလိုက်ပါ။ သူက သင့်နှလုံးသားရဲ့ဆန္ဒကိုသိပါတယ်။ သင့်စကားလုံးတွေကိုထက် သင့်နှလုံးသားဆန္ဒကို ပိုအလေးထားပါတယ်။ ဒီပုံစံအတိုင်း သင်ပြောချင်ပြောလို့ရပါတယ်-

“ဘုရားသခင်၊ ကိုယ်တော့်ကိုသိချင်ပါတယ်။ ကိုယ်တော်နဲ့ဆက်သွယ်ချင်ပါတယ်။ ကိုယ်တော့်ကို လိုအပ်ခဲ့ပေမယ့် တခြားအရာတွေနဲ့ဖြည့်ဆည်းဖို့ ကြိုစားခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ကိုယ်တော့်ထံ အရင်ဆုံးမလာခဲ့တဲ့အတွက် ခွင့်လွှတ်တော်မူပါ။ ကျွန်တော်/ကျွန်မကိုချစ်တဲ့အတွက်၊ ကိုယ်တော့်ကိုသိဖို့ အလိုတော်ရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယေရှုအသေခံခြင်းအားဖြင့် ဒီလိုဆက်သွယ်မှုကို ကိုယ်တော် ဖြစ်စေခဲ့တယ်ဆိုတာ လက်ခံပါတယ်။ ကိုယ်တော့်ကိုယုံကြည်ပါတယ်။ အာမင်။”

ဘုရားနဲ့ဆက်ဆက်ရေးဟာ အရာရာကိုပြည့်စုံစေကြောင်း၊ ကျေနပ်မှုကိုပေးကြောင်း သင် တွေ့မြင်လာပါလိမ့်မယ်။ ဘုရားသခင်နဲ့ဆက်သွယ်တဲ့အခါမှာတော့ အဓိပ္ပာယ်ရှိပြီး ခိုင်မာအရေးပါတဲ့ လူမှုဆက်ဆံရေးတွေတည်ဆောက်ဖို့ အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ပါပြီ။ သင့်ရဲ့ရေငတ်ခြင်းအစစ်အမှန်ကို အာသာပြေစေပါ။

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ပြီးပါပြီ (အခြားအထောက်အကူပြုအချက်အလက်များ လိုက်လာရန်)

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ကောင်းဖိတ်ခေါ်လိုမှာဖြစ်ပါတယ်။ ကျေးဇူးပြု၍ ဒီအရာကို ပိုမိုပြည့်စုံစွာရှင်းပြပေးပါ။

မေးစရာတစ်ခုရှိပါတယ်...

(၁) Dr. Henry Cloud and Dr. John Townsend, Boundaries (Grand Rapids, MI: Zondervan, 1992), 220.
(၂) Dr. Henry Cloud, Changes That Heal (Grand Rapids, MI: Zondervan, 1992), 64.
(၃) Ibid., 47.

* ဘာသာပြန်ဆိုသူ၏မှတ်ချက် - Amish ဟူသည် Amman ၏ နောက်လိုက်များ၊ အထူးသဖြင့် ၁၈ရာစုနှစ်များအတွင်း အမေရိကတွင် အခြေချနေထိုင်ခဲ့ကြသည့် Mennonites များ၏ တင်းကျပ်သောဘာသာရေးအုပ်စုဝင်များကို ခေါ်ဆိုသည်။ သူတို့သည် ရိုးရှင်းသောတောင်သူဘဝအဖြစ် နေထိုင်ကြပြီး ခေတ်သစ်စက်မှုသိပ္ပံပုံစံအချို့ကို ငြင်းပယ်ခဲ့ကြလေသည်။

ဆောင်းပါးကိုဝေမျှရန်