တမလွန်မှာ အသက်ရှင်ခြင်းကို ဘယ်လိုရနိုင်မလဲ?

သေခြင်းရဲ့နောက်က ထာဝရအသက်ကို သင် ပိုင်ဆိုင်နိုင်မလားဆိုတာ သိနိုင်ပါသလား? ဟုတ်ကဲ့၊ ဒီ ဖြစ်ရပ်မှန်ကို ကြည့်ပါ။

စတီးဗ်ဆောယာထံမှှ

မိန်းပြည်နယ်ကမ်းရိုးတန်းအဝေးတစ်နေရာမှာ ရေတပ်သဘောင်္တစ်စင်း အလွန်သိပ်သည်းတဲ့မြူထဲမှာ ခုတ်မောင်းနေခဲ့ပါတယ်။ အဲဒီညမှာ ရေတပ်အရာရှိလောင်းဟာ အဝေးတစ်နေရာဆီက တသမတ်တည်းရှိနေတဲ့ အလင်းရောင်ကိုလှမ်းတွေ့လိုက်ပြီး ချက်ချင်းပဲ သူ့ ကပ္ပတိန် (ဗိုလ်မှူးကြီး)ကို လှမ်းအကြောင်းကြား လိုက်တယ်။ “အဝေးတစ်နေရာကနေ အလင်းတစ်ခု ကျနော်တို့ဆီကို တန်းတန်းမတ်မတ် လာနေတယ်။ ကျနော်ဘာလုပ်ရမလဲ?” လို့ ဆိုတော့ ကပ္ပတိန်က အဲဒီရေယာဉ်ကိုအချက်ပြပြီး လမ်းကြောင်းပြောင်းရန် ညွှန်ကြားဖို့ ပြောပါတယ်။ အဲဒီရေယာဉ်ကလည်း “မဟုတ်ဘူး။ ခင်ဗျားတို့ပဲ လမ်းကြာင်းပြောင်းပါ” လို့ အချက် ပြန်ပြပါတယ်။ တစ်ခါ ကပ္ပတိန်က အဲဒီရေယာဉ်ကို ချက်ချင်း လမ်းကြာင်းပြောင်းရန် အမိန့်ပေးဖို့ ညွှန်ကြားပြန်ပါတယ်။ အချက်ပြန်ပြခဲ့တာက “မဟုတ်ဘူး။ ခင်ဗျားတို့ပဲ လမ်းကြောင်းပြောင်းပါ” လို့ ဆိုလာ ပြန်တယ်။ နောက်ဆုံးကြိုးစားတဲ့အနေနဲ့ အရာရှိလောင်းက “ဒါ အမေရိကန်ရေတပ် တိုက်သဘောင်္ပါ။ သင် ခုချက်ချင်း လမ်းကြောင်းပြောင်းဖို့ဖြစ်တယ်။” လို့ အချက််ပြပြီးတော့ ပြောပြန်တယ်။ အကြောင်းပြန်ခဲ့တာ ကတော့ “မဟုတ်ဘူး။ ခင်ဗျားတို့ပဲ လမ်းကြောင်းပြောင်းပါ။ ဒါ မီးပြတိုက်ဖြစ်တယ်။” လို့ ဆိုခဲ့ပါတယ်။

ဒီအဖြစ်အပျက်က ကျနော်တို့ လူသားတွေအနေနဲ့ ဒုက္ခနဲ့ဝေဒနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းတတ်ကြသလဲ ဆိုတာကို ပုံဖော်နေပါတယ်။ ကျနော်တို့ဟာ ဘဝအခြေအနေတွေကိုရင်ဆိုင်ဖို့ မိမိကိုယ်ကိုမိမိ [လိုအပ်သလို] ပြောင်းလဲဖို့အစား အဲဒီအခြေအနေတွေကိုပဲ လမ်းကြောင်းပြောင်းစေချင်တတ်ကြပါတယ်။ ကျနော့်ဘဝဟာ အဲဒီအတွက် အကောင်းဆုံးဥပမာတစ်ခုပါ။

ကျနော်ဟာ မွေးကတည်းကနေ ဟေမိုဖီးလီးယားလို့ခေါ်တဲ့ သွေးမတိတ်တဲ့ရောဂါ ပါလာပါတယ်။ အရိုးအဆစ်တွေ အကြောင်းမဲ့ ရောင်တတ်ပါတယ်။ အဲဒီရောဂါကို အလှူရှင်တွေလှူထားတဲ့သွေးအိတ်တွေ အများကြီးထဲကနေမှ ထုတ်ယူရတဲ့ ပရိုတိန်းတစ်မျိုးနဲ့ ကုရတာပါ။ ဒါနဲ့ပဲ ကျနော်လိုအပ်တဲ့ သွေးအမျိုးအစား ကန်အတွက် ၁၉၈၀ နဲ့ ၁၉၈၃ ကြားလောက်က သွေးလှူပေးကြတဲ့ သွေးလှူရှင်တွေထဲကတစ်ယောက်မှာ အိတ်ချ်အိုင်ဗီပိုးပါလာခဲ့ပါတယ်။ ရလာဒ်ကတော့ အဲဒီကန်ထဲကနေ ကျနော်ရတဲ့ကုသမှုအားလုံး (အကြိမ်တစ်ရာမျှ) မှာ အိတ်ချ်အိုင်ဗီ ပျံ့နှ့ံဝင်ရောက်ခဲ့ပါတယ်။ နောက် ဒီနည်းနဲ့ပဲ အသည်းရောင်ရောဂါ(စီ)လည်း ရခဲ့ပါတယ်။

တကယ်ဆို ကျနော် အထက်တန်းဒုတိယနှစ်ရောက်တဲ့အထိ နှစ်တော်တော်ကြာကြာ ကျနော့်မှာ အိတ်ချ်အိုင်ဗီပိုးရှိမှန်း မပြောပြကြဘူး။ ပြောပြတဲ့အခါမှာတော့ ကျနော့်ရဲ့အရင်ဦးဆုံးတုံ့ပြန်မှုကတော့ ဘယ်သူမဆို မဖြေရှင်းနိုင်တဲ့အရာတစ်ခုကို ရင်ဆိုင်ကြုံတွေ့တဲ့အခါ တုံ့ပြန်နေကျခံစားချက်အတိုင်းပါပဲ။ ကျနော် အိတ်ချ်အိုင်ဗီလက္ခဏာရှင်မဟုတ်ကြောင်းငြင်းဆိုပြီး မရှိသလိုပဲဲဟန်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။ အိတ်ချ်အိုင်ဗီက ဟေမိုဖီးလီးယားရောဂါလို မခံစားရဘူး။ ဟေမိုဖီးလီးယားကျတော့ အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ရောင်ရမ်းလာတဲ့အခါ အလွန့်အလွန်ကို နာကျင်ပါတယ်။ ဒါပေမယ့် အိတ်ချ်အိုင်ဗီကျတော့ အပြင်ပန်းလက္ခဏာ ဘာမှမရှိပါဘူး။ သင် သိသိသာသာသတိပြုမိမှာ မဟုတ်ဘူး။ ဒါကြောင့် ဘာမှမဖြစ်သလိုပဲ နေရတာလွယ်တယ်လေ။ မိဘတွေကလည်း အဲဒီအတိုင်းပဲ ဆက်ဆံကြတယ်။ “နင့် ကြည့်ရတာဘာမှမဖြစ််ပါဘူး။ ကောင်းပါတယ်။ အဲဒါဆို နင်ဘာမှမဖြစ်ပါဘူး။” လို့ပဲ ပြောကြပါတယ်။

ငြင်းကွယ်ခြင်းဟာ တခဏသာခံ

ဒီလိုငြင်းကွယ်ခြင်းရဲ့အကောင်းဆုံး သာဓက,ကတော့ ဒါရိုက်တာမွန်တီပိုင်သွန်ရိုက်ကူးတဲ့ In Search of the Holy Grail (အသွေးတော်ခွက်ရှာပုံတော်) ဆိုတဲ့ဇာတ်ကားပါပဲ။ ဇာတ်ဝင်ခန်းတစ်ခုမှာ ဘုရင်အာသာ တောထဲမှာ မြင်းစီးနေတဲ့အချိန်မှာ အနက်ရောင်ချပ်ဝတ်တန်ဆာဟောင်းကြီးဝတ်ဆင်ထားတဲ့ စစ်သူရဲတစ်ယောက်နဲ့ တွေ့တယ်။ အဲဒီစစ်သူရဲက လမ်းပိတ်ထားတော့ သူ့ကိုအနိုင်မတိုက်နိုင်ရင် ဆက်သွားလို့ မရဘူးဆိုတာ ဘုရင်အာသာ သဘောပေါက်လိုက်တယ်။ တိုက်ခိုက်ပွဲတစ်ခုစတင်ပြီးနောက် ဘုရင်အာသာက စစ်သူရဲရဲ့လက်မောင်းကို ခုတ်ဖြတ်ပစ်လိုက်နိုင်ပါတယ်။ ဘုရင်အာသာ ဓားကိုဓားအိမ်ထဲပြန်ထည့်၊ ဦးညွှတ် အလေးပြုပြီးတော့ ဖြတ်လျှောက်သွားဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် အဲဒီစစ်သူရဲက “မရဘူး!” လို့ အော်တယ်။ ဒါကြောင့် ဘုရင်အာသာက “ခင်ဗျားလက်မောင်းကို ကျုပ်ဖြတ်ပစ်လိုက်ပြီလေ!” လို့ ပြန်ပြောတယ်။ စစ်သူရဲက သူ့လက်မောင်းကိုကြည့်ပြီးတော့ “ခင်ဗျား မဖြတ်ပါဘူး” လို့ ဆိုတယ်။ ဒါကြောင့် ဘုရင်အာသာက မြေပြင်ပေါ်ကို ကြည့်ပြီးတော့ “ဟိုမှာလေ ခင်ဗျားရဲ့လက်မောင်းက” လို့ ပြောလိုက်တယ်။ စစ်သူရဲကလည်း “ဒါ အသားဒဏ်ရာစတစ်ခုလောက်ပါ” လို့ ပြောနေပြန်တယ်။ အဲဒီတော့ ဘုရင်အာသာဟာ ဖြတ်သွားဖို့ရာ ဒီလူ့ကို ပြင်းပြင်းထန်ထန် အနာတရဖြစ်စေမှရတော့မယ်ဆိုတာ သိလိုက်တယ်။ အဲဒါအခါ တိုက်ပွဲပြန်ဖြစ်ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်အကြွင်းအကျန်တွေဟာ သူ့ခေါင်းနဲ့အတူ မြေပြင်ပေါ်မှာ ငုတ်တိုတစ်ခုလိုဖြစ်တဲ့အထိ ဘုရင်အာသာက စစ်သူရဲရဲ့လက်ခြေတွေကို ခုတ်ဖြတ်ပစ်လိုက်တော့တယ်။ ဘုရင်အာသာ မြင်းစီးဖြတ်သွားတဲ့ အခါ “ပြန်လာခဲ့၊ မင်း သတ္တိမရှိတဲ့ကောင်။ ငါ ချချင်နေသေးတာကွ!” လို့ နောက်မှာအော်ပြီး ကျန်ရစ်နေခဲ့တဲ့ စစ်သူရဲရဲ့အသံကို ကြားရမှာဖြစ်ပါတယ်။

အမှန်တော့၊ အဲဒီစစ်သူရဲဟာ ကိုယ့်ကိုကိုယ်ငြင်းနေတယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး။ သူ စစ်ပွဲမှာ ရှုံးတယ်ဆိုတဲ့အချက်ကို ဝန်မခံနိုင်ဘူး။ ဒါဟာ ငြင်းကွယ်ခြင်းရဲ့ရယ်စရာဥပမာတစ်ခုဖြစ်ပေမယ့် အဲဒီ ငြင်းကွယ်ခြင်းမှာ အန္တရာယ်အမှန်ရှိတယ်ဆိုတာ အသေအချာပါပဲ။ တကယ်လို့ ကျနော် အိတ်ချ်အိုင်ဗီပိုးရှင် ဖြစ်တယ်ဆိုတာကို ငြင်းခဲ့မယ်ဆိုရင် ကျနော့်လက်ချောင်း စတာတွေပေါ်က ဖြတ်ရာမွှန်းရာတွေအတွက် သင့်တော်တဲ့ကြိုတင်ကာကွယ်မှုတွေ မလုပ်နိုင်ခဲ့ဘဲဲ တစ်ယောက်ယောက်ကို အပြင်းအထန်နာကျင်စေမိမလား (ဒါမှမဟုတ်) သတ်မိလေမလားပါပဲ။ ဒါပေမယ့် အခုလိုအရာမျိုးတွေကိုငြင်းပယ်ရင် ကိုယ့်ကိုကိုယ် ပြန်ပေးနိုင်မယ့် အန္တရာယ်ဟာ အင်မတန်ကြောက်စရာကောင်းပြီး ဝမ်းနည်းကြေကွဲစရာဖြစ်ပါတယ်။ တစ်ခုခုကို အခုလိုအကြာကြီး ဖုံးဖိထားပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ဖို့ကြိုးစားတဲ့အခါ ပိုမိုဆိုးရွားလာတတ်ပါတယ်။ ပြီးတော့ နောက်ဆုံးမှာ ပေါက်ကွဲတတ်ပါတယ်။

ကျနော့်မှာ အိတ်ချ်အိုင်ဗီပိုးရှိတယ်ဆိုတာကို သုံးနှစ်လောက်အထိ ငြင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အထက်တန်း နောက်ဆုံးနှစ်မှာ ကျနော် အသည်းအသန်ဖျားပါတယ်။ ရောဂါလက္ခဏာတွေ စပြီးပြလာပါတော့တယ်။ တီ-ဆဲလ်တွေဟာ ရောဂါကူးစက်မှုကိုခုခံတိုက်ဖျက်တဲ့ သွေးဖြူဥတွေဖြစ်ပြီး ကိုယ့်ခန္ဓာထဲက တီ-ဆဲလ် အရေအတွက်တွေက ကိုယ့်မှာ အိတ်ချ်အိုင်ဗီပိုး ရှိ/မရှိ၊ ပြီးတော့ ကိုယ့်မှာ အေအိုင်ဒီအက်စ် ရှိ/မရှိကို ပြောပြပါတယ်။ အခုတော့ ကျနော့် တီ-ဆဲလ်အရေအတွက်က ၂၁၃ နဲ့ အကျပိုင်းမှာ ရှိနေပါပြီ။ ကျနော် အလွန်အမင်းကိုဖျားပြီးတော့ ဖြူဖပ်ဖြူလျော်ဖြစ်နေပါပြီ။ အစာတောင် အဝင်မခံနိုင်တော့ပါဘူး။ ကျနော် ဘာ အေအိုင်ဒီအက်စ်/အိတ်ချ်အိုင်ဗီမှမရှိသလို ဆက်ပြီးဟန်ဆောင်လို့ မရတော့ပါဘူး -- တကယ်ကို ဖြစ်နေပါပြီ။

အခြားသူများကို အပြစ်တင်လိုခြင်း

ဆက်လက်ပြီးငြင်းကွယ်ဖို့ အခွင့်အလမ်းမရှိတော့တဲ့အခါကျတော့ ကျနော်ခံစားနေရတဲ့အရာတွေကို ရင်ဆိုင်နိုင််ဖို့ အခြားနည်းလမ်းသစ်တစ်ခုကို ရှာဖွေပါတော့တယ်။ ပထမဆုံးကျနော်လုပ်တာက တစ်ယောက်ယောက်ကို အပြစ်တင်ခြင်းပါပဲ။ တစ်ယောက်ယောက်က လာပြီး “စတီဗင်၊ ဒါ ငါ့အပြစ်ပါကွာ။ ငါ တောင်းပန်ပါတယ်” လို့ ပြောရင် ကျနော် ခံစားရသက်သာမယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် အရင်ဦးဆုံး လိင်တူဆက်ဆံတဲ့ အသိုင်းအဝိုင်းတစ်ခုလုံးကို အပြစ်တင်ဖို့ စဉ်းစားလိုက်တယ်။ လွယ်လွယ်ပဲ လက်လျှော့လိုက်ရပြန်တယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တဲ့အခါမှာ ကျနော့်ဒုက္ခအတွက် အဲဒီလူတွေအားလုံးကို အပြစ်တင်တာ အလကားပဲဆိုတာ သဘောပေါက်ပြန်တယ်။ အခုတော့ ဘုရားကိုပဲ အပြစ်တင်ရမယ်လို့ စဉ်းစားပါတယ်။ အဲဒီချိန်တုန်းက ဘုရားရှိတယ်ဆိုတာ သိပ်တော့မယုံကြည်ခဲ့ဘူး။ ဒါပေမယ့် ဒီအခြေအနေကို ထိန်းချုပ်နိုင်တဲ့သူ တစ်စုံတစ်ယောက်ရှိခဲ့ရင် အဲဒါဘုရားပဲဖြစ်ရမယ်လို့ တွေးမိလိုက်တယ်။ ဒါကြောင့် ဘုရားကိုပဲ အပြစ်တင်ပါတော့တယ်။

သင့်ရဲ့ မြိုသိပ်ထားတဲ့ဝေဒနာကို တစ်ခုခုဆီ စုပြုံလိုက်တဲ့အခါ အဲဒါ ဒေါသ ဖြစ်သွားပါတယ်။ ပြီးတော့ နောက်ဆုံးမှာ အမျက်ကြီးကြီးမားမား ဖြစ်သွားတတ်ပါတယ်။ ခုတော့ ကျနော်ဟာ ကျနော်ကြုံတွေ့နေရတဲ့ အရာတိုင်းကို စိတ်ဆိုးမာန်ဆိုးနဲ့ပဲ ရင်ဆိုင်ပါတော့တယ်။ တစ်ယောက်ယောက်က ကျနော့်ကို စိတ်အနှောင့်အယှက်ပေးစရာ ပြောမိပြီဆို သူတို့အပေါ်ကို ကျနော်ပေါက်ကွဲပစ်ပါတယ်။ နံရံကိုလက်သီးထိုးတာ၊ အခန်းမှာ ဝုန်းဒိုင်းကျဲတာ စတာတွေလုပ်တတ်ပါတယ်။

ဒါပေမယ့် ဒေါသဟာ ကိုယ့်စိတ်ကို တိမ်ဖုံးနိုင်စွမ်းရှိတယ်ဆိုတာ တွေ့ခဲ့တယ်။ ပြီးတော့ ဆင်ဆင်ခြင်ခြင် ပြုလုပ်ခြင်းကနေ ဝေးကွာစေတယ်။ ပိုဆိုးတာက ဒေါသအလျောက်လုပ်မိရင်း ကိုယ်ချစ်တဲ့သူတွေကို နာကျင်ထိခိုက်စေပါတယ်။ ဒါကြောင့် ဝေဒနာကိုရင်ဆိုင်ရာမှာ အများကြီးပိုကောင်းတဲ့နည်းကတော့ ငိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘယ်သူ့ကိုမှလည်း မထိခိုက်ဘူး။ ပြီးတော့ ခံစားရတာ အများကြီးပိုကောင်းပါတယ်။

ဒီလိုနဲ့ တစ်ခါမှာ ကျနော်ဟာ အခန်းထဲမှာရှိတုန်း ကျနော့်အခြေအနေက ဟိုးအောက်ဆုံးကိုထိုးကျ သွားတယ်။ အရမ်းဖျားပြီးတော့ ကိုယ်အလေးချိန်တွေ အလွန်အမင်းကို ကျသွားတယ်။ ကျနော် နံရံတွေကို လက်သီးနဲ့ထိုး၊ ဘုရားကိုကျိန်ဆဲပြီးတော့ အော်ဟစ်နေပါတယ်။ ပြီးတော့ ကျနော့်အဖေ ဝင်လာတယ်။ နောက်က တံခါးကိုပိတ်လိုက်တယ်။ အဖေက အရက်ဖြတ်ပြီးစ အရက်သမားတစ်ယောက်ဖြစ်ပါတယ်။ AA ကနေတစ်ဆင့် မြင့်မြတ်တဲ့တန်ခိုးအာဏာရှင်အကြောင်း သူ သိလာခဲ့တယ်။ ဘုရားသခင်အကြောင်း သူ သိလာခဲ့တယ်။ သူ ကျနော့်ကိုကြည့်ပြီးတော့ “သိလား စတီးဗ်၊ ငါ့သား။ ငါမင်းကို မကူညီနိုင်ဘူး။ မင်းဆရာဝန်တွေလည်း မကူညီနိုင်ဘူး။ မင်းအမေလည်း မကူညီနိုင်ဘူး။ မင်းကိုယ်မင်းလည်း မကူညီနိုင်ဘူး။ အခုချိန်မှာ မင်းကိုကူညီနိုင်တာ ဘုရားပဲရှိတယ်။” ဆိုပြီး အခန်းထဲကထွက်ပြီး တံခါးပိတ်လိုက်တော့တယ်။

ဘုရားကကော ကူညီနိုင်သလား?

ခုလေးတင်ပဲ ဘုရားကိုကျိန်ဆဲပြီးတာဆိုတော့ ဘုရားဆီ အကူအညီတောင်းဖို့ အဆင်မသင့်သေးဘူးလို့ ကျနော် စဉ်းစားပါတယ်။ ဒါပေမယ့် တခြားဘာရွေးစရာမှမရှိဘူး။ ကျနော် ဒူးထောက်ထိုင်ချလိုက်တယ်။ ပြီးတော့ မျက်ရည်တွေကြားထဲကနေ “ကောင်းပြီလေ၊ ဘုရားသခင်။ သင် ရှိနေတယ်ဆိုရင် ကျွနု်ပ်ကိုကူညီပါ၊ ကျွန်ုပ်လည်း သင့်ကိုကူညီမယ်။” လို့ ကျနော်ဆုတောင်းပါတယ်။ ဟုတ်ကဲ့၊ တကယ့်ကို အချိန်တိုတိုလေး အတွင်းမှာပဲ ကျနော့်အလေးချိန်တွေ ပြန်တိုးလာတယ်။ ကျနော့် တီ-ဆဲလ်အရေအတွက် ၃၆၅ လောက်ထိ ပြန်ခုန်တက်လာတယ်၊ ဒါ အတော်ကောင်းနေပြီ။ ကျနော် တော်တော်သက်သာလာတယ်။ အဲလိုနဲ့ပဲ ကျွန်တော် အခြေအနေတော်တော့ကို တိုးတက်လာပါတယ်။ အဲဒီအခါ “ဟုတ်ပြီ၊ ကျေးဇူးတင်ပါတယ်၊ ဘုရားသခင်။ အံ့သြစရာ ကောင်းပါတယ်။ နုတ်ဆက်ခဲ့ပါတယ်။” လို့ စိတ်ထဲကပြောလိုက်ပါတယ်။

ကျနော် အထက်တန်းပြီးတော့ ကောလိပ်ပထမနှစ်မတိုင်ခင်လေး နွေရာသီမှာ ကောလိပ်အဝင်စာမေးပွဲဖြေဖို့ သွားခဲ့ပါတယ်။ အဲဒီမှာ ကျနော့်အခန်းဖော်ဖြစ်မယ့်လူကို စတွေ့တာပါပဲ။ အဲဒီရောက်ပြီးတော့ စာမေးပွဲဖြေတယ်။ အဲဒီခါမှာ ဒီ အရပ်ရှည်ရှည်၊ ခပ်ပိန်ပိန်၊ ရွှေရောင်ဆံပင်နဲ့ကောင်လေးကို သွားတွေ့တာပါ။ သူက “ဟေ့၊ နင့် ကြည့်ရတာ မဆိုးဘူးပဲ။ ငါနဲ့ အခန်းဖော်ဖြစ်ချင်လား?” လို့ မေးတယ်။ စိတ်ထဲကတော့ အင်၊ မဖြစ်ချင်ပါဘူးလို့ စဉ်းစားပေမယ့် “ဟုတ်ပြီလေ” လို့ ပြန်ပြောလိုက်တယ်။ ကျနော်တို့ အခန်းဖော်တွေ ဖြစ်လာတယ်။ တကယ်တမ်းကျတော့ အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာတာပါ။ သူ ခရစ်ယာန်တစ်ယောက်မှန်း ကျနော် သိလာတယ်။ အဲဒီချိန်တုန်းကတော့ ခရစ်ယာန်တွေအပေါ် လွဲမှားတဲ့အမြင်ရှိနေခဲ့တယ်။ ကျနော့်အတွက်တော့ ခရစ်ယာန်ဆိုတာ ဟန်ဆောင်တတ်တဲ့သူ၊ စိတ်ကြီးဝင်တဲ့သူ၊ သူများကို ပြစ်တင်ရှုတ်ချတတ်တဲ့လူလို့ သတ်မှတ်ခဲ့တာ။ ကျွန်တော့်အတွက်တော့့ ခရစ်ယာန်ဆိုတာ ဒီလိုမျိုးတွေပဲလား။ ဒါပေမယ့် ကျနော့်အခန်းဖော်က ထူးခြားတယ်။ သူ့မှာ ဒီဆလက္ကဆီးယားလို့ ခေါ်တဲ့ စာသင်ကြားရာမှာ တတ်မြောက်ဖို့ခဲယဉ်းတဲ့ ဦးနှောက်ချို့ယွင်းမှု ပြဿနာတစ်မျိုးရှိပါတယ်။ ကျနော်သတိထားမိတာက သူ စာတွေလုပ်ပြီး စိတ်ဓာတ်ကျဆင်းနေတဲ့အချိန်မျိုး - ကျနော်ဆို နံရံကိုလက်သီးနဲ့ထိုးပြီး ပစ္စည်းတွေရိုက်ခွဲဖျက်ဆီးတော့မယ့် အခြေအနေမျိုး - မှာဆို ခဏရပ်၊ မျက်လုံးမှိတ်၊ ဆုတစ်ချက်တောင်း၊ အသက်မှန်မှန်ရှူသွင်းလိုက်ပြီးတော့ စာပြန်လုပ်တတ်ပါတယ်။ အဲဒါ ကျနော့်ကို လုံးဝ အံ့အားသင့်သွားစေတဲ့့အချက်ပါပဲ။ “မင်းဘာဖြစ်လို့ ဘာတစ်ခုမှတောင် မရိုက်ခွဲလိုက်ရတာလည်း? တစ်ခုခုတော့ရိုက်ခွဲသင့်တယ်ကွာ!” လို့ စိတ်ထဲကတောင် ပြောမိတဲ့အထိပဲ။ သူ အခုလို ခံနိုင်ရည်ရှိတာ ကျနော် အံ့အားသင့်လို့ မဆုံးဘူး။

ကျနော့်အခန်းဖော်က ကျနော့်ကို နွေဦးကျောင်းပိတ်ရက်မှာ သူနဲ့အတူ ဒေတိုနာကမ်းခြေလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ အဲဒီကမ်းခြေရောက်နေကြတဲ့အချိန်မှာ သူ ကျနော်တို့အနားမှာရှိနေတဲ့လူတစ်ယောက်ကို စကားစပြောပါတယ်။ အစကတော့ သာမန်ကိစ္စတွေပဲ ပြောကြတာပါ။ ဒါပေမယ့် သူငယ်ချင်းက အရေးကြီးနက်နဲတဲ့အကြောင်း အရာတွေကိုစပြောဖို့ ဦးတည်ပါတယ်။ ကျနော်တော့ မပါချင်တော့ဘူး။ ကျနော် အတော့်ကို လုံးပမ်းနေခဲ့ရတဲ့ အရာလေ။ ခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ သေခါနီးထိဖြစ်ဖူးတာကို ပြန်စဉ်းစားဖို့ဆိုတာ မလွယ်ဘူးလေ။ ပြီးတော့ ဒီလိုကမ်းခြေကြီးမှာ လူစိမ်းတစ်ယောက်ဆီကို ဒီလိုကိစ္စတွေပြောပြဖို့ အရမ်းဝန်လေးပါတယ်။ ဒါကြောင့် စကားကြောကနေ မသိမသာထွက်လိုက်တယ်။ သူတို့ကတော့ ဆက်ပြောပါတယ်။ နောက်ဆုံးမှာ ကျနော့်သူငယ်ချင်းက သူ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဘယ်လိုယုံကြည်တဲ့အကြောင်း ရှင်းပြတဲ့အဆင့်ထိ ရောက်သွားတယ်။ ကျနော်က ခရစ်ယာန်တွေဆိုတာ ဘယ်လိုပုံစံမျိုးဖြစ်မလည်းဆိုတာပဲ စဉ်းစားနေခဲ့တာ၊ သူတို့ ဘာတွေ ယုံကြည်တယ်၊ တွေးခေါ်တယ်ဆိုတာတော့့ မသိဖူးပါဘူး။ ဒါကြောင့် သူပြောနေတာတွေကိုပဲ ဆက်ပြီးနားထောင်နေလိုက်တယ်။

တမလွန်မှာ အသက်ရှင်ခြင်း - ဘုရားသခင်ကမ်းလှမ်းတဲ့အရာ

သူရှင်းပြသလို ကျနော် ကောင်းကောင်းပြန်ရှင်းပြနိုင်ပါ့မလားတော့မသိဘူး။ သူ ပြောပြတာက ဒီလိုပါ။ “ဘုရား ရှိမှန်း ကျနော်ယုံကြည်တာ အသိသာကြီးပါပဲ။ ပြီးတော့ ဘုရားက သူနဲ့ ဆက်သွယ်မှုရှိဖို့ ကျနော်တို့ကို ဖန်ဆင်းတယ်လို့ ကျနော်ယုံကြည်တယ်။ ဒါပေမယ့် ကျနော်တို့က သူနဲ့ ဆက်သွယ်မှုထဲကို မဝင်ချင်ကြဘူး။ ဒါကြောင့် သူ့ကို တွန်းတွန်းထုတ်ကြတယ်။ အဲဒီငြင်းပယ်ခြင်း၊ ဆန့်ကျင်ခြင်းဟာ အကြမ်းနည်းနဲ့ ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ အနုနည်းနဲ့ လျစ်လျှူရှုတာပဲဖြစ်ဖြစ် အဲဒါကို ကျမ်းစာက အပြစ်လို့ခေါ်ပါတယ်။” ကျနော် “အပြစ်” ဆိုတဲ့စကားလုံးကို မကြိုက်ပါဘူး၊ ဒီတော့ ဘုရားကိုငြင်းပယ်ခြင်းလို့ပဲ ယူဆပါတယ်။ “ကျနော်တို့ကို သူနဲ့ ဆက်သွယ်မှုထဲနေဖို့ ဖန်ဆင်းတဲ့အတွက်၊ ပြီးတော့ ကျနော်တို့က အဲဒီလို ငြင်းပယ်တဲ့အတွက် ပြစ်ဒဏ်ဆိုတာရှိတယ်။ ကျနော်တို့ရဲ့ မနာခံခြင်းအတွက်ပြစ်ဒဏ်ကတော့ သေခြင်းပါပဲ၊ ဒါကြောင့် သေရတယ်။ ပြီးတော့့ ဝိညာဉ်သေခြင်းဆိုတာရှိတယ်၊ ဘုရားနဲ့ဝေးကွာသွားတာပေါ့။” ကျနော်တွေးလိုက်တယ်၊ အို- ပိုတောင် ကောင်းသေး။

“ဘုရားကချစ်တယ်လို့လည်း ပြောပြီးတော့” လို့ ကျနော် အတွန့်တက်တယ်။ ဒါပေမယ့် သူက “ဘုရားက တရားမျှတတယ်လေ။ တရားမျှတမှုမရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတာ အလကားပဲလေ။” လို့ ပြောပါတယ်။ ကျနော့်အတွက် သိပ်တော့အဓိပ္ပာယ်မရှိဘူး။ အဲဒီတော့ သူက “ကောင်းပြီ၊ ကမ္ဘာပေါ်မှာ ခင်ဗျား ဂရုအစိုက်ဆုံးလူတစ်ယောက်၊ သူ့အတွက် ခင်ဗျားအသက်ကိုတောင် ချက်ချင်းပေးပစ်လိုက်လောက်အောင် အရေးစိုက်တဲ့လူတစ်ယောက်ကို မြင်ယောင်ကြည့်လိုက်ပါ။ ပြီးတော့ အဲဒီလူကို တွန်းထုတ်ပစ်လိုက်ပြီးတော့ အချိန်အကြာကြီး ထပ်မတွေ့တော့ဘူးလို့ ကိုယ့်ကိုကိုယ် စဉ်းစားကြည့်လိုက်ပါ။ အဲဒီနောက် တစ်နေ့မှာ အဲဒီလူကို ကိုက် ၅၀ အကွာကနေတွေ့လိုက်တော့ သူ့ကိုပွေ့ဖက်ဖို့ လက်တွေကိုဆန့်တန်းပြီး သူ့ဆီပြေးသွားတယ်။ ဒါပေမယ့် သူက ဆီးတားပြီးတော့ “ဟင့်အင်း၊ နင် ငါ့ကို တွန်းထုတ်ခဲ့တာလေ။ မှတ်မိသေးလား?” လို့ ဆိုတယ်။ ကဲ-အခု စကြာဝဠာတစ်ခုလုံးမှာ အကြီးမားဆုံးမေတ္တာဖြစ်တဲ့ ဘုရားသခင်ကို တွန်းထုတ်နေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။

ကျနော်စဉ်းစားကြည့်လိုက်တော့ “အို- အဲဒါတော့ ဘယ်ကောင်းမလဲ” လို့ စဉ်းစားလိုက်တယ်။ သူက ဆက်ပြောတယ် - “အင်း၊ ကောင်းတဲ့အချက်က အဲဒီလိုကြီး ပြီးမသွားဘူး။ ဘာလို့လဲဆိုတော့ သူက ကျနော်တို့ကို အင်မတန်ချစ်ပြီး အင်မတန်အလေးထားတဲ့အတွက် ကျနော်တို့ပေးဆပ်ရမယ့်ပြစ်ဒဏ်ကို သူ ပေးဆပ်ဖို့ဆုံးဖြတ်ပါတယ်။ သူ့ရဲ့သားတော်ယေရှုကို ကျနော်တို့နေရာမှာ အသေခံဖို့ စေလွှတ်ပါတယ်။ လူသားဇာတိနဲ့ဘုရားဖြစ်တဲ့ယေရှုဟာ အပြစ်ကင်းစင်တဲ့အသက်တာကို နေထိုင်ခဲ့တဲ့အတွက်ကြောင့် အခြားတစ်ယောက်ယောက်အတွက်ပြစ်ဒဏ်ကို ပေးဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့အတွက် သူပေးဆပ်ခဲ့ပါပြီ။” လို့ ပြောပါတယ်။ သူက ဆက်ပြီးတော့ “ပြီးတော့ သုံးရက်နောက်မှာ ယေရှုဟာ သေခြင်းကနေ ပြန်လည်ထမြောက်ပါတယ်။ သူဟာ အဲဒီဝိညာဉ်သေခြင်းကို အောင်နိုင်ပြီးတော့ ကျနော်တို့အား ထာဝရအသက်ကိုပေးပါတယ်။ အခုဆို ကျနော်တို့က သေသွားရုံသက်သက်မဟုတ်ဘူး။ စကြာဝဠာတခွင်လုံးမှာ အကြီးမြတ်ဆုံးသော မေတ္တာတော်ရှင်နဲ့ အတူထာဝရဆက်လက်စိုးစံရမှာဖြစ်တယ်။” လို့ ရှင်းပြပါတယ်။

“ဟေ” လို့ ကျနော်ရေရွတ်မိတယ်။ “အဲ” သူပြောပြန်တယ် “မြှုပ်ကွက်ကတော့- သူက ပြစ်ဒဏ်ကိုပေးဆပ်ပြီး ထာဝရအသက်ကို ကမ်းလှမ်းပေမယ့် သူ့ရဲ့ကမ်းလှမ်းချက်ကို လက်မခံရင်တော့ ခင်ဗျားသဘောပါပဲ။” ကျနော် ဒီအကြောင်းအရာကို သိပ်တော့မရှင်းလင်းသေးဘူး။ ကံဆိုးချင်တော့ ဟိုလူလည်းအတူတူပါပဲ။ ဒီတော့ ကျနော့် သူငယ်ချင်းက “ဟုတ်ပြီ၊ ဒါဆို ကိုယ့်ကိုကိုယ် ဒီအပြင်ဘက်လမ်းအတိုင်း ကားမောင်းချသွားတယ်ဆိုပါစို့။ အမြန်နှုန်းကန့်သတ်ချက်က ၃၅မိုင်နှုန်းဖြစ်ပြီး ခင်ဗျားက ၉၀ နဲ့ မောင်းသွားတယ်။ လမ်းအတိုင်း ထိုးပျံနေတော့ ယာဉ်ထိန်းရဲက ခင်ဗျားကို ပြန်လှည့်လာခိုင်းပြီး လက်မှတ်တစ်စောင်ရေးပေးလိုက်တယ်လေ။ အဲဒီလက်မှတ် အတိုင်း ဒဏ်ငွေဆောင်ဖို့ တရားရုံးကို နောက်တစ်နေ့မှာ သွားရမယ်။ တရားခွင်ထဲဝင်ပြီး ကြည့်လိုက်တာနဲ့ တရားသူကြီးက ခင်ဗျားရဲ့အဖေဆိုတာ တွေ့လိုက်ရတယ်။ အဲဒီတော့ ခင်ဗျားက ဟာ- ဒါ ငါ့အဖေပဲလို့ တွေးလိုက်တယ်။ ခင်ဗျားအဖေက ခင်ဗျားကိုကြည့်ပြီးတော့ “စတီးဗ်၊ မင်း ဥပဒေကို ချိုးဖောက်ခဲ့သလား?” လို့ မေးတယ်။ ခင်ဗျားက “ဟုတ်ကဲ့” လို့ပြောတယ်။ အဲဒီတော့ သူက “ဒါဆို ဒေါ်လာ ၅၀၀ ဒဏ်ငွေ ဒါမှမဟုတ်ရင် နှစ်ရက်အချုပ်ခန်းပဲ။” လို့ ဆိုတယ်။ ပြီးတော့ ဂယ်ဗယ်တူလေးကို ထုချလိုက်တယ်။ ပြီးရော။

“ကဲ၊ သူက တရားပြီးမျှတတဲ့အတွက် ပြစ်ဒဏ်ချမှတ်ရမယ်လေ။ အဲ- ဒါပေမယ့် တရားသူကြီးထိုင်ခုံကနေ ထွက်သွားတယ်၊ သူ့ဝတ်လုံကိုချွတ်တယ်၊ သူ့ နောက်ကအိတ်ထောင်ကိုနှိုက်ပြီးတော့ ခင်ဗျားလက်ထဲကို ဒေါ်လာ ၅၀၀ ကမ်းပေးလိုက်တယ်။ သူက ခင်ဗျားကိုချစ်တဲ့အတွက် ခင်ဗျားကိုယ်စား ပြစ်ဒဏ်ကို ပေးပေးတာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီပေးဆပ်တာကို ခင်ဗျား လက်ခံဖို့လိုတယ်။ သူက ဟိုနားမှာ မတ်တပ်ရပ်ပြီး ငွေငါးရာနဲ့ ‘ရော့၊ ဒီမှာ’ လို့ ပြောနေတယ်။ အဲဒီအတိုင်းပဲ ဘုရားသခင်ကို ခင်ဗျား ‘ဟင့်အင်း၊ သင့်ဆီကနေ ထာဝရပဲ ဝေးကွာချင်တယ်။’ လို့ ပြောနိုင်ပါတယ်။ ဒါက ခင်ဗျားလုပ်ရမယ့် ရွေးချယ်မှုပါပဲ။”

ထာဝရအသက်ကို ဘယ်လိုရမလဲ?

ကျနော့်သူငယ်ချင်းက “ကျနော်တို့ အဲဒီပေးဆပ်မှုကို လက်ခံဖို့နည်းလမ်းက ဆုတောင်းခြင်းဖြစ်တယ်” လို့ ပြောတယ်။ သူက “ဘုရားရဲ့ပေးကမ်းချက်ကိုသာ သင် အလွယ်တကူ လက်ခံလိုက်ရုံပါ။ ဒါ ဘုရားသခင်ရဲ့ ဂရုဏာတော်သက်သက်အားဖြင့်ပါ။ ဒါကို ခင်ဗျားရယူဖို့ ဘာမှလုပ်စရာမလိုဘူး။ ဒါ ဘုရားဆီကလက်ဆောင် သက်သက်ပါ။” လို့ ပြောပါတယ်။ ဒါ ဂရုဏာတော်အကြောင်း ကျနော် ပထမဆုံးကြားသိရခြင်းပါ။ သူက “ဒါဟာ ယုံကြည်ခြင်းအားဖြင့် ဆုတောင်းခြင်းကနေ သင်ရရှိနိုင်တဲ့ လက်ဆောင်ဖြစ်ပါတယ်။” လို့ ပြောပြတယ်။ ပြီးတော့ ကျနော့်သူငယ်ချင်းက အဲဒီလူနဲ့အတူ ဆုတောင်းချက်ကို ရွတ်ဆိုတယ်။ သူ အသံထွက် ဆုတောင်းနေတဲ့အချိန်မှာ ကျနော်လည်း လိုက်ပြီးဆုတောင်းချက်ကို ရွတ်ပါတယ်၊ အသံမထွက်ပဲနဲ့ပေါ့ ။

အဲဒီအချိန်ကလေးကနေစပြီး ကျနော့်ဘဝက အတွေးအမြင်သစ်တစ်ခုကို လုံးလုံးလျားလျား ယူတင်ဝတ်ဆင် ခဲ့ပါပြီ။ နောက်တစ်နေ့မှာ အသက်ရှင်ပါ့မလာဆိုပြီး စိုးရိမ်စိတ်နဲ့ အိပ်ယာဝင်စရာ မလိုတော့ပါဘူး။ သေဖို့ ကြောက်တဲ့စိတ် ကျနော့်မှာ မရှိတော့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သေခြင်းဟာ မှောင်အတိကျခြင်းနဲ့ပဲ အဆုံးသတ်မှာ မဟုတ်ဘူးလေ။ အခု ကျနော်သေလွန်တဲ့အခါ စကြာဝဠာတခွင်လုံးရဲ့ အကြီးမြတ်ဆုံးသော မေတ္တာရှင်နဲ့အတူ အဆုံးမဲ့ ထာဝရအသက်ကို ဝင်ရောက်စံစားရမှာဖြစ်ပါတယ်။ စိတ်လက်ပေါ့ပါးလိုက်တာ။

ကျနော့်မိဘတွေကလည်း အဲဒီပေးဆပ်မှုကို လက်ခံကြပါတယ်။ ကျနော် ဆုတောင်းခဲ့တဲ့အတိုင်း သူတို့လည်း ဆုတောင်းကြတယ်။ ပြီးတော့ သူတို့ဘဝလည်း လုံးလုံးလျားလျား အတွေးအမြင်သစ်ကို ပြောင်းလဲသွားပါတယ်။ ကျနော့်မှာ ၆ လလောက်သာနေရတော့မယ်ဆိုတာသိရက်နဲ့ကို အိမ်ကနေခရီးအဝေး ထွက်ဖို့ခွင့်ပြုတယ်ဆိုတာ စဉ်းစားကြည့်ရင် အံ့သြစရာလေ။ ပြီးတော့ လက်မှိုင်ချပြီး သားဖြစ်သူသေဆုံးတော့မှာကို ဒီအတိုင်းကြည့်ရတာ သူတို့အတွက် ဘယ်လောက်ခံစားရခက်မလဲဆိုတာ စဉ်းစားကြည့်ပါ။ သူတို့ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူးလေ။ ဒါပေမယ့် သူတို့ အဲလိုရင်ဆိုင်နိုင်ရတဲ့အကြောင်းအရင်းနဲ့ ကျနော်ကိုယ်တိုင် အဲလိုရင်ဆိုင်နိုင်ရတဲ့အကြောင်းအရင်းကတော့ ကျနော်တို့ကိုယ်စီအသက်တာမှာ ခရစ်တော်ကို ပိုင်ဆိုင်ကြလို့ပါပဲ။

သင့်အတွက်ဘုရားသခင်ရဲ့ပေးဆပ်မှုကို လက်ခံဖို့အခွင့်အရေး ခင်ဗျားကိုလည်း ပေးလို့ရမလား? အေအိုင်ဒီအက်စ်အတွက် ပျောက်ကင်းဖို့ကုထုံးသာရှိခဲ့ရင် ခင်ဗျား ကျနော့်ကို ပေးမယ်ဆိုတာ သေချာပါတယ်။ ကျနော် အခု ထာဝရအသက် ဘယ်လိုရမယ်ဆိုတာသိတယ်၊ အဲဒါ ဘုရားသခင်ဆီက မေတ္တာလက်ဆောင်ပဲ။ ဒါကြောင့် ခင်ဗျားကို ကျနော်ပေးဖို့ ကြိုးစားနေတာဖြစ်တယ်။ သင်ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့အရာတစ်ခု ရှိနေပြီးတော့ တလောကလုံးက ခင်ဗျားကို နောက်ကျောကနေ လုပ်ကြံတိုက်ခိုက်နေတဲ့အချိန် ကိုယ့်ဘက်မှာ ရပ်တည်ပြီးတော့ ကူညီကယ်မပေးနိုင်မယ့် တစုံတယောက်ကို အလိုရှိနေတယ်ဆိုရင် ဒီဆုတောင်းချက်လေးကို ကျနော်နဲ့အတူဆုတောင်းဖို့ အခုပင် သင့်ကိုဖိတ်ခေါ်ပါတယ်။ အဲဒါ မှော်ပညာ ဂါထာမန္တရား ရွတ်သလို မဟုတ်ပါဘူး။ ပြီးတော့ စိတ်ထဲကနေ အကြီးအကျယ် စဉ်းစားတွေးခေါ်ရမယ့်အရာမျိုးလည်း မဟုတ်ပါဘူး။ အဲဒါက ဘုရားနဲ့ဆက်ဆံရေးကို အစပြုဖို့သာ ဖြစ်ပါတယ်။ အခြားသောဆက်ဆံရေးမျိုးလိုပဲ အချိန်ယူပါတယ်။ လုံ့လဝီရိယလည်း လိုအပ်ပါတယ်။ ဒါပေမယ့် တိုက်တွန်းပါရစေ၊ ဒါကို အလိုရှိတယ်လို့ တကယ်ခံစားတယ်ဆိုရင် ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ ဒါ မေတ္တာလက်ဆောင်ပါ။

ဒါဆို ဆုတောင်းချက်တစ်ခု ကျနော်စတောင်းပါမယ်။ ဆုတောင်းခြင်းဆိုတာ မျက်စိမှိတ်တာ၊ ခေါင်းငုံ့တာ၊ လက်အုပ်ချီတာ၊ ဒါမှမဟုတ် “ဟာလေလုယာ” လို့ အော်တာနဲ့ မဆိုင်ပါဘူး။ အဲတာတွေလုပ်တာနဲ့ မတူဘူး။ ဆုတောင်းတယ်ဆိုတာ နှလုံးသားရဲ့သဘောထားပဲဖြစ်ပါတယ်။ အဲဒါ ဘုရားသခင်ဆီကို “ဘုရားသခင်၊ ကျွန်တော်/ကျွန်မ ပညတ်ကို ချိုးဖျက်ခဲ့ပါတယ်။ ကိုယ်တော့်ကို ငြင်းပယ်ခဲ့ပါတယ်။ အခု ကိုယ်တော်ရဲ့ပေးဆပ်မှုကို လက်ခံပြီး ပြန်လှည့်လာချင်ပါတယ်။” လို့ ပြောခြင်းဖြစ်ပါတယ်။ အဲဒါကို လိုအပ်တယ်လို့ ခံစားရင် ကျေးဇူးပြု၍ အခုပဲ ဒီဆုတောင်းချက်ကိုတောင်းပါ။ “သခင်ယေရှု ဘုရား ကိုယ်တော် ကို ကျွန်တော်/ကျွန်မ လိုအပ်ပါတယ် ။ ကျွန်တော်/ကျွန်မကိုယ်စား လက်ဝါးကားတိုင်မှာ အသေခံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်/ကျွန်မဘဝထဲ ဝင်လာပြီးတော့ ကျွနု်ပ်အမြဲဖြစ်လိုခဲ့တဲ့ လူပုဂ္ဂိုလ်အတိုင်းဖြစ်အောင် ပြုပြင်တော်မူပါ။ အာမင်။”

ကဲ၊ ဒီဆုတောင်းချက်ကို အမှန်တကယ်တောင်းပြီးပြီဆိုရင် သင်ရရှိနိုင်တဲ့ အကြီးမားဆုံးသောဆက်သွယ်မှု တစ်ခုကို သင်အစပျိုးလိုက်ပါပြီ -- ဘုရားသခင်နဲ့ဆက်သွယ်မှုလေ။ အဲဒါ ဆုတောင်းချက်တစ်ခုထဲနဲ့တော့ ပြီးသွားတာမဟုတ်ပါဘူး။ ဘုရားသခင်နဲ့ဆက်သွယ်မှုဆိုတာ ပုံမှန်အတိုင်းတိုးတက်တဲ့ဖြစ်စဉ်တစ်ခုပါ။ အဲဒါဟာ နေ့တိုင်း ဘုရားကိုကိုးစားခြင်း၊ ကိုယ်လုပ်ချင်တာ ဒါမှမဟုတ် ကောင်းမယ်ထင်တဲ့အရာကိုပြုလုပ်ဖို့ ကြိုးစားတာမဟုတ်ဘဲ ဘုရားက ကိုယ့်ကို ဘာလုပ်စေချင်သလဲလို့ယုံကြည်တဲ့အရာကိုပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ လူတွေ ကျနော့်ကို ပြောဖူးတယ်- “ခရစ်ယာန်ဘာသာက ခင်ဗျားကို ကယ်တင်တယ်၊ အဲဒါ ခင်ဗျားအတွက် ကောင်းတယ်။ တခြားဘာသာရေးတွေကကော တခြားလူတွေကို မကယ်တင်နိုင်တော့ဘူးလား?” တဲ့။ အရမ်းကောင်းတဲ့မေးခွန်းပါ။ ကျနော်ကတော့ ဘုရားက သူ့ဆီရောက်ဖို့ လမ်းတစ်ခုသာပေးခဲ့တယ်လို့ ယုံကြည်ပါတယ် -- လက်ဝါးကားတိုင်ပေါ်က ယေရှုဘုရားရဲ့ အသေခံခြင်းအားဖြင့်ပေါ့ -- တခြားဘာသာရေး တွေမှာ အမှန်တရားရဲ့လက္ခဏာတွေ ရှိနိုင်ပေမယ့်လေ။ အဲဒီလက္ခဏာတွေက ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေသတွေပဲဖြစ်ပါတယ် -- “တစ်ရက်မှာ ဒါကို ခုနှစ်ကြိမ်လုပ်ပါ၊ ဘုရားနဲ့ပိုနီးစပ်လာလိမ့်မယ်။” ဆိုတာတွေလေ။ ဒါပေမယ့် ဘုရားနဲ့နီးဖို့ အားထုတ်ရမယ်ဆိုရင် ဘယ်အတိုင်းအတာထိ လုပ်ဖို့လိုအပ်ပါသလဲ? အဲဒီအဆင့်ထိရောက်ပြီဆိုတာကို ဘယ်လိုသိနိုင်ပါမလဲ?

အဲဒါဟာ ခရစ်ယာန်ရဲ့ အမှန်တရားကို တွေ့ရှိတဲ့အချက်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘုရားရဲ့ မြင့်မြတ်ပြည့်စုံခြင်းကို ဘယ်တော့မှမမှီနိုင်ဘူးဆိုတာ သဘောပေါက်ပြီးတော့ ကျနော်တို့ ဘုရားရဲ့ခွင့်လွှတ်ခြင်း တရားပေါ်မှာ မှီခိုသင့်ပါတယ်။ ကျနော်တို့ရဲ့ပန်းတိုင်ကတော့ သူ့လမ်းစဉ်ကို လိုက်လျှောက်ဖို့ဖြစ်ပါတယ်၊ ကျနော်တို့ အမှားအများကြီး ပြုလုပ်ကြဦးမှာဖြစ်ပေမယ့်ပေါ့။ အမှားတွေ ပြုလုပ်မယ်၊ ဒါပေမယ့် ဆက်လျှောက်မယ်၊ ဘုရားရဲ့ဂရုဏာတော်ကို ကိုးစားပြီးတော့ ပန်းတိုင်ဆီကိုဦးတည်ပြီး ကြိုးစားလျှောက်လှမ်းဖို့ ဖြစ်ပါတယ်။ ဆုတောင်းမယ်။ ကျမ်းစာဖတ်မယ်။ ဘုရားက သင့်ဆီကနေဘာလိုချင်တယ်ဆိုတာ ရှာဖွေတွေ့ရှိမယ်။ တနေ့ကျတော့ ငြိမ်သက်ခြင်းဆီကို ရောက်မှာဖြစ်ပါတယ်။ အဲဒါ ကောင်းကင်နိုင်ငံကို မရောက်မချင်းတော့ ဖြစ်နိုင်မယ်မဟုတ်ဘူး၊ ဒါပေမယ့် ရလည်းရရော အဲဒါ အစဉ်ထာဝရပါပဲ။

ဟုတ်ကဲ့၊ စတီဗီဆောယာကတော့ အသဲရောင်ရောဂါ(စီ)ကြောင့် အသည်းအလုပ်မလုပ်တော့ဘဲ မတ် ၁၃၊ ၁၉၉၉ မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ့ရဲ့ဖြစ်ရပ်မှန်ကိုယ်တွေ့က သူ ယေရှုကိုလက်ခံခဲ့သလို သင်လည်း လက်ခံနိုင်ဖို့ အားပေးနှိုးဆော်ပါစေ။ ဘဝရဲ့နောက်ဆုံးအချိန်နီးကပ်လာတဲ့နေ့တွေမှာတောင် စတီဗီက “နောက်ထပ် တက္ကသိုလ်ကျောင်းဝင်းတစ်ခု”မှာ စကားထပ်ပြောချင်သေးတယ်တဲ့။ ဘာဖြစ်လို့ပါလဲ? “ကျနော့်လို ခုလိုသေစေနိုင်တဲ့ရောဂါတွေ ရခဲ့မယ်ဆိုရင် အဲဒီလူအတွက် သူဟာ ယေရှုခရစ်တော်နဲ့ ဆက်သွယ််မှု ရရှိနိုင်ဖို့၊ ဒါဆို တန်ပါပြီ။ တမလွန်ဘဝအတွက် ကြည့်မယ်ဆိုရင် အဲဒါ အဓိကအကျဆုံးပါပဲ။”

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ပြီးပါပြီ (အခြားအထောက်အကူပြုအချက်အလက်များ လိုက်လာရန်)

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ကောင်းဖိတ်ခေါ်လိုမှာဖြစ်ပါတယ်။ ကျေးဇူးပြု၍ ဒီအရာကို ပိုမိုပြည့်စုံစွာရှင်းပြပေးပါ။

မေးစရာတစ်ခုရှိပါတယ်…

တမလွန်မှာအသက်ရှင်ခြင်းကို ဘာကြောင့်ရရှိနိုင်တယ်

ယေရှုကိုယုံကြည်လက်ခံခြင်းအားဖြင့် ထာဝရအသက်ကို ရရှိနိုင်ပါတယ်။ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံ မရောက်နိုင်ပါဘူး။ ထာဝရအသက်ဆိုတာ ယေရှုကိုယုံကြည်တဲ့သူတွေအဖို့ အခမဲ့လက်ဆောင်မွန်ပဲ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ တွေ့ရတာက -

“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ရှင်ယောဟန် ၃း၁၆)

“ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီး လိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်တင်တော်မူ၏။” (ဟေရှာယ ၅၃း၆)

ယေရှုကလည်း “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။”ဟု မိန့်တော်မူ၏။ (ရှင်ယောဟန် ၅း၂၄)

“အို သေမင်း၊ သင်၏လက်နက်သည် အဘယ်မှာရှိသနည်း။ အို မရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။” (ကောရိန္တု သြဝါဒစာ ပထမစောင် ၁၅း၅၅)

“ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။ ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟူစေခြင်းငှာ၊ ဤအရာများကို ငါရေး၍ပေးလိုက်၏။” (ရှင်ယောဟန်သြဝါဒစာ ပထမစောင် ၅း၁၁-၁၃)

Photos: Guy Gerrard, Tom Mills © Worldwide Challenge