အဆိပ်ဖြစ်စေနိုင်သောအပြာရုပ်ရှင်၊ အဆိပ်ဖြစ်စေနိုင်သောလိင်စိတ်

အပြာစာပေရုပ်ရှင်စွဲလန်းစိတ်မှ လွတ်မြောက်မှုကိုရှာပါ၊ ယင်း၏ မုသား ၉ ချက်နှင့် လွတ်မြောက်ရန်နည်းလမ်းကို ကြည့်ပါ။

ဂျင်းမက်ကောနယ်လ်မှ

အပြာစာပေရုပ်ရှင် & စွဲလန်းမှု … မူမမှန်လိင်စိတ်

အပြာစာပေရုပ်ရှင်၏ အကျိုးဆက်များ - ယင်း၏စွဲလန်းစိတ်။ ချမ်းအေးမှောင်မှိုက်တဲ့ညမှာ မီးလင်းဖိုထဲက မီးတောက်တစ်ခုလောက် အရသာရှိတာ မရှိပါဘူး။ လုံခြုံတယ်၊ နွေးတယ်၊ စိတ်ဖြေစရာဖြစ်ပြီး ကဗျာဆန်လှပါတယ်။ ကဲ အဲဒီမီးကို မီးဖိုထဲကထုတ်ယူပြီး ဧည့်ခန်းထဲမှာ ချထားကြည့်ပါ။ အဲဒီမီးဟာ လောင်ကျွမ်းပျက်စီးစရာပစ္စည်း ဖြစ်သွားပြီ။ လိင်မှုကိစ္စဟာ အဲဒီမီးလိုပါပဲ။ လိင်ကိစ္စဟာ သစ္စာတရားနဲ့ကာကွယ်ထားတဲ့ ထိမ်းမြားမင်္ဂလာအတွင်းမှာ ဖော်ဆောင်တယ်ဆိုရင် ဒါဟာ ကျေနပ်စရာ၊ နွေးထွေးလုံခြုံမှုရှိပြီး ကြည်နူးဖွယ်ရာဖြစ်ပါတယ်။ အပြာစာပေရုပ်ရှင်ကတော့ လိင်မှုကို အဲဒီအနေအထားကနေ တလွဲဖြစ်စေပါတယ်။

အပြာစွဲလန်းမှုကို ဘာကပိုဆိုးဝါးစေသလဲ?

စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရဲ့ ပဓာနအကျဆုံးအပိုင်းတစ်ခုက ကျနော်တို့ရဲ့လိင်မှုသဘောသဘာဝအပေါ် မှန်ကန်တဲ့ ခံယူချက်ရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီခံယူချက်တွေကို ညစ်ညမ်းစေပြီဆိုရင် ကျနော်တို့ရဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဟာ မူမမှန်တော့ပါဘူး။ အပြာစာပေရုပ်ရှင်တွေက လိင်၊ အချစ်၊ နဲ့ ဖောက်ပြားခြင်းတွေဟာ ကွာခြားမှုမရှိဘူးလို့ ပြောပါတယ်။ အပြာရုပ်ရှင်တွေမှာ လူတွေဟာ သူစိမ်းတရံတွေ -- ခုမှတွေ့တဲ့လူတွေ -- နဲ့ လိင်ဆက်ဆံတယ်။ အရေးကြီးတာ ကိုယ်ကျေနပ်မှုရဖို့ပဲ။ ကိုယ်အာသာပြေဖို့ ဘယ်သူ့ခန္ဓာကိုယ်ကိုပဲသုံးသုံး ကိစ္စမရှိဘူး။ ဒါကြောင့် အပြာရုပ်ရှင်စာပေက မေထုန်သံဝါသကို ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူနဲ့မဆို ဘာအကျိုးဆက်မျှမရှိဘဲ ပြုနိုင်တယ်လို့ တွေးမြင်လာစေပါတယ်။

အပြာရဲ့ပေါ့ပေါ့တန်တန်အမြင်ရှိခြင်းရဲ့ ပြဿနာကတော့ ကျားမအိမ်ထောင်မှုတွေဟာ အမှန်ဆို ဖိုမဆက်ဆံခြင်းအပေါ်မှာ အခြေပြုတာ မဟုတ်ပါဘူး၊ သစ္စာစောင့်သိမှု၊ ဂရုစိုက်မှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေမှာ အခြေပြုတာပါ။ အဲဒီ အနေအထားမှာ မီးလင်းဖိုထဲက မီးတောက်လိုပဲ လိင်မှုဟာ နှစ်သက်ပျော်ရွှင်စရာဖြစ်ပါတယ်။ ကိုယ့်ကို မေတ္တာထားလက်ခံတဲ့သူ၊ ကိုယ့်ဘဝတစ်ခုလုံးအတွက် သစ္စာပြုထားတဲ့သူ၊ ကိုယ့်တစ်ဘဝလုံးကို ပုံအပ်ပေးထားနိုင်တဲ့သူနဲ့ နေရတာ၊ အဲဒါက လိင်မှုသံဝါသကို အလွန်သာယာပျော်ရွှင်စေတဲ့ အချက်ပဲဖြစ်ပါတယ်။

အပြာစာပေရုပ်ရှင်စွဲလန်းစိတ်မှ လွတ်မြောက်မှုကိုရှာရန် - မုသားများကိုသတိချပ်ပါ

အပြာစာပေရုပ်ရှင်ကနေ လိင်အကြောင်းအမှန်တရားတွေကို မတွေ့နိုင်ပါဘူး။ အမှန်တရားနဲ့မသက်ဆိုင်လို့ပါပဲ။ အပြာဆိုတာ ပညာပေးဖို့မဟုတ်ဘဲ၊ ရောင်းချဖို့ပါ။ ဘယ်လိုရနေသလဲဆိုတာ အရေးမစိုက်ဘဲ ငွေတွေအများကြီးရစေတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ သူတို့ထုတ်လုပ်ရောင်းချသမျှကို ပြန်လာပြီးထပ်ဝယ်ချင်အောင် လုပ်မှာဖြစ်တယ်။ ဒါကြောင့် အပြာလုပ်ငန်းက ပရိသတ်ကြီးကို ဆွဲဆောင်ဖမ်းစားထားဖို့ ဘယ်လိုမုသားမဆို ပြောမှာပဲ။ အပြာလုပ်ငန်းဟာ မုသားသုံးပြီး အောင်မြင်နေတာပါ -- လိင်၊ မိန်းမ၊ အိမ်ထောင်ရေးနဲ့ တခြားအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ မုသားတွေပါ။ ထိုမုသားများက သင့်ဘဝနဲ့ စိတ်နေသဘောတွေကို ဘယ်လောက်ဆိုးဝါးစွာ ညစ်ညမ်းဖျက်ဆီးနိုင်သလဲဆိုတာ အနည်းငယ်ကြည့်ရအောင်။

  • မုသားအချက် (၁) - မိန်းမမတွေဟာ လူထက်နိမ့်ကျတယ်။
    ပလေးဘွိုင်းမဂ္ဂဇင်းမှာဆို မိန်းမတွေကို “ယုန်ကလေးတွေ” လို့ခေါ်ထားတယ်။ ချစ်စရာတိရစ္ဆာန်လေး (သို့) “ကစားစရာလေး” တွေနဲ့တူအောင် လုပ်ထားကြတယ်။ ပင့်ဟောက်စ်မဂ္ဂဇင်းမှာတော့ သူတို့ကို “အိမ်မွေးတိရစ္ဆာန်လေးတွေ” လို့ခေါ်တယ်။ အပြာက အမျိုးသမီးတွေကို တိရစ္ဆာန်တွေ၊ အရုပ်လေးတွေ၊ ဒါမှမဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုသာသာလောက်နဲ့ပဲ ဖော်ပြတတ်ကြပါတယ်။ တချို့အပြာစာအုပ်တွေက ခန္ဓာကိုယ်နဲ့ လိင်အင်္ဂါတွေပဲပြထားပြီး မျက်နှာကိုလုံးဝမပြပါဘူး။ အမျိုးသမီးတွေဟာ စဉ်းစားတွေးခေါ်မှုနဲ့ ခံစားမှုရှိတဲ့လူသားစင်စစ်တွေ ဖြစ်တယ်ဆိုတဲ့ ခံယူချက်ဟာ လုံးဝ လျော့ပါးသွားပါတယ်။

  • မုသားအချက် (၂) - မိန်းမတွေဟာ “အားကစား” တစ်ခုပါ။
    အားကစားမဂ္ဂဇင်းတချို့မှာ “ရေးကူးဝတ်စုံ” ကိစ္စ ပါလာတတ်တယ်။ ဒီဟာက အမျိုးသမီးတွေဟာ အားကစားတစ်မျိုးမျိုးသာသာလောက်ပဲဆိုတဲ့ အတွေးဝင်စေပါတယ်။ အပြာက လိင်ကို ဂိမ်းတစ်ခုလို ရှုမြင်ပါတယ်။ ဂိမ်းမှာ ကိုယ်က “နိုင်ဖို့”၊ “အသာစီးဖို့”၊ နို့မဟုတ် “အောင်ပွဲခံဖို့” ပဲ ဖြစ်တယ်။ ဒီအမြင်မျိုးခံယူတဲ့ ယောက်ျားသားတွေဟာ မိန်းမတွေနဲ့ပတ်သက်လို့ “အောင်ပွဲခံခြင်း” အကြောင်း ပြောတတ်ကြပါတယ်။ သူတို့ဟာ ယောက်ျားဖြစ်ခြင်းကို “အနိုင်ပွဲ” ဘယ်လောက်ခံယူနိုင်သလဲဆိုတာအပေါ် ဆုံးဖြတ်တတ်ကြလေရော။ ကိုယ် “အောင်ပွဲခံ” နိုင်တဲ့ မိန်းမတစ်ယောက်စီဟာ ကိုယ့်ရဲ့ယောက်ျားပီသခြင်းကို သက်သေထူမယ့် ကိုယ့်စင်ပေါ်က ဒိုင်းဆုတစ်ခု၊ ကိုယ့်ခါးပတ်ပေါ်က အထစ်တစ်ခုသာသာပဲ ဖြစ်နေပါတယ်။

  • မုသားအချက် (၃) - မိန်းမတွေဟာ ပစ္စည်းပါ။
    ကားကောင်းကောင်းတွေမှာ ရမ္မက်ကြွစေတဲ့မိန်းကလေးပုံတွေကပ်ထားတာ ကျနော့်တို့အားလုံး မြင်ဖူးကြမယ်။ “တစ်စီးဝယ်ရင် သူ့ကိုကောရမယ်” လို့ ပြောနေသလိုပေါ့။ အပြင်းစားအပြာရုပ်ရှင်စာပေက ဒီဟာထက် ပိုတောင်လွန်ကဲပါတယ်။ အပြာရုပ်ရှင်စာပေက ဝယ်ယူသူတွေကြည့်ဖို့အတွက် မိန်းကလေးတွေကို အမြင်သာဆုံးဖြစ်အောင် ပြသခြင်းဟာ သူတို့ကို ပစ္စည်းစာရင်းထဲကရောင်းကုန်သဖွယ် ပေါ်လွင်စေတဲ့အချက်ပါ။ လူငယ်တော်တော်များများက သူတို့ မိန်းကလေးတစ်ယောက်ကိုခေါ်ထုတ်ပြီး ငွေကုန်ကြေးကျခံတယ်ဆိုရင် အဲဒီမိန်းကလေးနဲ့ လိင်ဆက်ဆံခွင့်ရှိတယ်လို့ ထင်တတ်ကြတာဟာ အံ့သြစရာမဟုတ်ပါဘူး။ အပြာရုပ်ရှင်က မိန်းမတွေကိုဝယ်လို့ရတယ်လို့ ပြောပြနေတာပဲလေ။

  • မုသားအချက် (၄) - မိန်းမတစ်ယောက်ရဲ့တန်ဖိုးဟာ သူမရဲ့ခန္ဓာကိုယ်ဆွဲဆောင်မှုရှိ၊ မရှိ အပေါ်မှာ မူတည်တာပါ။
    အပြာရုပ်ရှင်မှာ ဆွဲဆောင်မှုနည်းတဲ့ အမျိုးသမီးတွေကို ချိုးနှိမ်ထားပါတယ်။ သူတို့ကို ခွေးမတို့၊ ငါးဝန်းမတို့၊ ဝက်မတို့ မဟုတ်ရင် ဒီ့ထက်ယုတ်ညံ့တဲ့အခေါ်အဝေါ်တွေကို ပေးထားတယ်။ ဘာလို့လဲဆိုရင် အပြာရုပ်ရှင်ရဲ့ “အကောင်းဆုံး” မိန်းမလို့ သတ်မှတ်တဲ့စံနှုန်းကို မမှီနိုင်လို့ပဲလေ။ အပြာက အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ခံစားမှု သို့မဟုတ် ပုဂ္ဂိုလ်ရေးကို ဂရုမစိုက်ပါဘူး၊ သူမရဲ့ခန္ဓာကိုယ်ကလွဲရင်ပေါ့။

  • မုသားအချက် (၅) - မိန်းမတွေက အဓမ္မပြုကျင့်တာ နှစ်သက်တယ်။
    မိန်းမတွေက “ဟင့်အင်းလို့ပြောရင်၊ ဟုတ်ကဲ့လို့ဆိုလိုတာပါ” ဆိုတာ အပြာဇာတ်ကားရဲ့ ပုံမှန်ရှုခင်းတစ်ခုပါ။ အမျိုးသမီးတွေ မုဒိန်းအကျင့်ခံရတာမျိုး ပြတယ်၊ အစမှာ ရုန်းထွက်ကန်ကျောက်ပြီး၊ နောက်တော့ အရသာတွေ့လာတယ်ပေါ့။ ဒါကြောင့် အပြာက အမျိုးသားတွေကို စိတ်ဖျော်ဖြေမှုအတွက် အမျိုးသမီးတွေကို နာကျင်စေတတ်၊ မတော်မတရားပြုတတ်အောင် သင်ပေးနေတာဖြစ်တယ်။

  • မုသားအချက် (၆) - မိန်းမတွေကို ချိုးနှိမ်ရမယ်။
    အပြာရုပ်ရှင်မှာ အမျိုးသမီးတွေကိုချိုးနှိမ်ပြောတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေ အပြည့်ပါတတ်တယ်။ အမျိုးသမီးတွေဟာ စက်ဆုပ်ဖွယ်နည်းလမ်းပေါင်းများစွာနဲ့ ညှင်းပန်းနှိပ်စက်ခံရပြီး၊ အဲဒီညှင်းပန်းမှုကိုပဲ ထပ်ထပ်တောင်းဆိုနေသလို ပြသထားကြတာကလား။ အဲဒီလိုပြုမူတာက အမျိုးသမီးတွေကို အရိုအသေ နည်းနည်းလေးတောင် ပြပါသလား? မေတ္တာနည်းနည်းလေးတောင် ပြပါသလား? အပြာက အမျိုးသမီးတွေအပေါ် အမုန်းတရားနဲ့ မထေမဲ့မြင်ပြုခြင်းကို အားပေးနေတာ မဟုတ်ဘူးလား?

  • မုသားအချက် (၇) - ကလေးငယ်တွေ လိင်မှုပြုသင့်တယ်။
    အပြာရုပ်ရှင်လုပ်ငန်းမှာ ရောင်းရအကောင်းဆုံးတစ်ခုက အတုအယောင် “ကလေး” အပြာဇာတ်ကားပါ။ အမျိုးသမီးတွေကို မြင်းမြီးလေးတပ်၊ ကလေးဖိနပ်လေးစီး၊ ဝက်ဝံရုပ်လေးကိုင်ပြီး ငယ်ငယ်ရွယ်ရွယ် ကောင်မလေးတွေနဲ့တူအောင် “ပြင်” ထားကြတယ်။ အဲဒီဓာတ်ပုံတွေနဲ့ ကာတွန်းတွေက လူကြီးနဲ့ကလေးတွေ လိင်ဆက်ဆံတာ ပုံမှန်အခြေအနေပါလို့ ပြောနေတာပဲ။ ဒီအရာက အပြာစွဲသူကို ကလေးတွေကို တဏှာစိတ်နဲ့ ရှုမြင်စေပါတယ်။

  • မုသားအချက် (၈) - တရားမဝင်လိင်ဆက်ဆံခြင်းဟာ ပျော်စရာအတိပါ။
    အပြာမှာ လိင်မှုကိစ္စကို “စိတ်ဝင်စားစရာ” ပိုကောင်းအောင် ဥပဒေနဲ့ဆန့်ကျင်တဲ့ သို့မဟုတ် အန္တရာယ်ရှိတဲ့ ဇာတ်ကွက်တွေ ပါတတ်ပါတယ်။ ဒါက သင်ဟာ မထူးဆန်းရင်၊ ဥပဒေနဲ့မဆန့်ကျင်ရင်၊ ဒါမှမဟုတ် အန္တရာယ်မရှိရင် လိင်ဆက်ဆံခြင်းဟာ ပျော်စရာမကောင်းဘူးလို့ အကြံပြုနေပါတယ်။

  • မုသားအချက် (၉) - ပြည့်တန်ဆာလုပ်ငန်းဟာ မက်မောဖွယ်ကောင်းတယ်။
    အပြာက ပြည့်တန်ဆာလုပ်ငန်းကို ပျော်စရာကောင်းတဲ့ပုံစံမျိုး ရေးခြယ်ပါတယ်။ တကယ်တမ်းကျတော့ အပြာထုတ်ကုန်တွေမှာပါတဲ့ အမျိုးသမီးတော်တော်များများဟာ ကျေးကျွန်ဘဝရောက်ရတဲ့ အိမ်ပြေးမိန်းကလေးတွေပါ။ လိင်မှုဆိုင်ရာ အလွဲသုံးခံရသူတွေပါ။ တချို့ဟာ လွယ်ကူစွာကူးစက်တတ်တဲ့ ကုရာနတ္ထိ ကာလသားရောဂါတွေ ကူးစက်ခံနေရသူတွေ ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးကြရပါတယ်။ တော်တော်များများက ခံနိုင်ရည်ရှိအောင် မူးယစ်ဆေးသုံးစွဲကြရပါတယ်။

အပြာစွဲလန်းမှုရဲ့အဓိကအချက်

အပြာထုတ်ဝေဖြန့်ချိရေးလုပ်ငန်းဟာ ပျက်စီးသွားတဲ့လူငယ်တွေရဲ့ဘဝကနေ အမြတ်ထုတ်နေပြီး သူတို့ထုတ်ကုန်တွေအတွက် အချိန်နဲ့ငွေ မြောက်များစွာအသုံးပြုနေတဲ့သူတွေကို ထောင်ဖမ်းနေတာဖြစ်တယ်။

အပြာရဲ့အကျိုးသက်ရောက်မှု - အပြာရုပ်ရှင်စာပေစွဲလန်းမှု - ကျနော်တို့မြင်တွေ့ကြားသိနေရတဲ့အရာများက ကျနော်တို့ကို မထိခိုက်ဘူးလို့ ထင်ကြလိမ့်မယ်။ သို့သော် ကျနော်တို့နှစ်သက်တဲ့ ဂီတ၊ ရုပ်ရှင်ဇာတ်လမ်းနဲ့ စာအုပ်တွေက ကျနော်တို့ဘဝကို အကျိုးသက်ရောက်စေတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ယင်းတို့က ကျနော်တို့ကို သက်သာရာရစေတယ်၊ ပညာပေးတယ်၊ တွန်းအားပေးတယ် ဒါမှမဟုတ်ရင် လှုံ့ဆော်တယ်။ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ဆက်သွယ်ရေးယန္တရား (မီဒီယာ) က ကျနော်တို့ကို အကျိုးရှိစေသလိုပဲ အပြာစာပေရုပ်ရှင်ပုံရိပ်တွေက ကျနော်တို့ကို အပျက်သဘောဆန်စွာ အကျိုးသက်ရောက်စေပါတယ်။

ပုံရိပ်များဟာ အမြဲတစေ ကမ္မကာရက (အကျိုးသက်ရောက်နိုင်စွမ်းမရှိ) မဆန်ပါဘူး။ ကျနော်တို့ကို ဖြားယောင်းနိုင်တယ်။ ကိုယ်စိတ်အားထက်သန်နေတဲ့အချိန်မှာ ကိုယ့်ရှေ့မှာပြထားတဲ့ ကုန်စည်တစ်ခုခုရဲ့ စွဲမက်ဖွယ်ပုံရိပ်ဟာ ကျနော်တို့ရဲ့ မသိစိတ်ထဲ ဝင်ရောက်ကိန်းအောင်းနိုင်တယ်ဆိုတာ စီးပွားရေးလုပ်ငန်းတွေက သိပါတယ်။ ကြော်ညာပညာရှင်တွေဟာ သူတို့လုပ်ငန်းမှာ အလွန်ကျွမ်းကျင်ကြတယ်၊ သူတို့ကြော်ညာကိုတွေ့တာနဲ့ အဲဒီကုန်စည်ကို ကျနော်တို့ ဘယ်လောက်ထပ်ဝယ်ကြမလဲဆိုတာ မှန်းဆနိုင်ကြပါတယ်။ တခါတလေဆို ကျနော်တို့ ကုန်စည်ရဲ့နာမည်တောင် မတွေ့လိုက်ရဘူး။ Reese’s Pieces ဆိုရင် “ET” ဇာတ်ကားထဲမှာ သူတို့ရဲ့သကြားလုံးကြော်ညာ စက္ကန့်လေးအနည်းငယ်အတွင်း ထည့်ပေးဖို့ ငွေကြေးများစွာ အကုန်ကျခံတယ်။ အဲဒီနောက် Reese’s Pieces ရဲ့ ရောင်းအားတွေ ထောင်တက်သွားတယ်။ ဘာကြောင့်လဲ? ကောင်လေး ဂြိုဟ်သားဆီ လက်လှမ်းနေတာကိုကြည့်ရတဲ့ ကျနော်တို့ရဲ့စိတ်ခံစားမှုဟာ အဲဒီသကြားလုံးရဲ့ပုံရိပ်ထဲလွှဲပြောင်းဝင်ရောက်သွားလို့ဖြစ်ပါတယ်။ ကုန်စည်တစ်ခုကို စက္ကန့်အပိုင်းအခြားလေးတစ်ခုအတွင်း မြင်ရတာက -- အာရုံစိုက်မှုရဲ့ဗဟိုမဟုတ်တာတောင် -- လူတွေရဲ့အပြုအမူကို အကျိုးသက်ရောက်စေနိုင်တယ်ဆိုရင်၊ ကျနော်တို့ရဲ့အာရုံကို တစ်နာရီခွဲလောက် ဖမ်းစားထားတဲ့ ဗွီဒီယိုဇာတ်ကားရဲ့ ကွက်ကွက်ကွင်းကွင်း အပြာရုပ်လွှာတွေက ဘယ်လောက်ထိများ အကျိုးသက်ရောက်စေမလဲဆိုတာ မှန်းဆကြည့်ပါ။

လူတစ်ယောက်အပေါ်မှာ အပြာရဲ့အကျိုးသက်ရောက်မှု ဘာတွေလဲ?

အပြာက ကျနော်တို့ရဲ့ခေါင်းထဲကို ဘယ်လိုအတွေးအမြင်မျိုးကို ထည့်နေသလဲ? အဲဒီမကောင်းတဲ့အရာတွေ အမြဲစုပြုံနေရင် သင့်ရဲ့စိတ်နေဝန်းကျင်ဟာ အလွန်ညစ်ညမ်းလာပြီး သင့်ဘဝဟာ ဒုက္ခလှလှကြုံရတော့မယ်ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရဲ့ ပဓာနအကျဆုံးအပိုင်းတစ်ခုက ကျနော်တို့ရဲ့ လိင်မှုသဘောသဘာဝအပေါ် မှန်ကန်တဲ့ ခံယူချက်ရှိခြင်းပါပဲ။ အဲဒီခံယူချက်တွေဟာ ညစ်ညမ်းလာပြီဆိုရင် ကျနော်တို့ရဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဟာ ဖောက်ပြားသွားပါပြီ။

အပြာစွဲလန်းမှု - အပြာရဲ့ဆွဲအား

ညစ်ညမ်းရုပ်ရှင်ကြည့်ရှုသူတိုင်း စွဲလန်းတာတော့မဟုတ်ပါဘူး။ တချို့က အမျိုးသမီး၊ လိင်၊ အိမ်ထောင်ရေးနဲ့ ကလေးတွေအပေါ် မှားယွင်းတဲ့အတွေးအမြင်တွေလောက်ပဲ ရလာတယ်။ ဒါပေမယ့် တချို့ကျတော့ စွဲလန်းစိတ် အမြစ်စွဲသွားတဲ့အထိ စိတ်ခံစားမှုပိုင်းမှာ တံခါးဖွင့်ထားကြတယ်။ အပြာကုမ္ပဏီတွေကတော့ သူတို့ကုန်စည်တွေကို သင်တကယ်စွဲလန်းသွားမှာကို လုံးဝဂရုမစိုက်ဘူး။ အရမ်းကို စီးပွားဖြစ်တယ်လေ။ ဒေါက်တာဗစ်တာကလိုင်းက စွဲလန်းမှုဖြစ်စဉ်အဆင့်ဆင့်ကို ဒီလိုခွဲပြထားတယ် - အကျင့်စွဲကပ်ခြင်း၊ ပိုမိုဆိုးဝါးလာခြင်း၊ ထုံထိုင်းလာခြင်းနဲ့ စိတ်ကူးအကောင်အထည်ဖော်ခြင်းတို့ ဖြစ်ပါတယ်။ အပြာစွဲလန်းသူတို့မှာ ကျနော်တွေ့ရှိထားတဲ့ အဦးဆုံးလာတဲ့ အဆင့်တစ်ခုရှိတယ် -- ဆောလျင်စွာထိတွေ့ခြင်းပါ။ အောက်ပါအဆင့်များကို ကြည့်ရအောင် -

ဆောလျင်စွာထိတွေ့ခြင်း
အပြာစွဲလန်းသူအများစုဟာ ငယ်ရွယ်ကတည်းက အစပြုခဲ့တဲ့သူတွေပါ။ သူတို့ဟာ အလွန်ငယ်ရွယ်နုပျိုကတည်းက အပြာစကြည့်ကြတော့ အမြစ်စွဲသွားတာဖြစ်တယ်။

အကျင့်စွဲကပ်ခြင်း
သင်အပြာကို ထပ်ခါထပ်ခါကြည့်ဖြစ်မယ်။ ပြီးရင် သင့်ဘဝရဲ့ပုံမှန်အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်။ သင်ကျော့ကွင်းမိနေပြီး ရုန်းမထွက်နိုင်တော့ပါဘူး။

ပိုမိုဆိုးဝါးလာခြင်း
ပိုပြီးကွက်ကွက်ကွင်းကွင်းပြတဲ့ အပြာအမျိုးအစားကို သင်ရှာလာမယ်။ သင်အရင်က မနှစ်မြို့တဲ့အပြာမျိုးကို ကြည့်လာမယ်။ ခုတော့ သင့်စိတ်ကိုနှိုးဆော်နိုင်ပြီလေ။

ထုံထိုင်းလာခြင်း
သင်ကြည့်နေတဲ့ပုံရိပ်တွေမှာ ထုံထိုင်းလာမယ်။ ကွက်ကွက်ကွင်းကွင်းပြတဲ့အပြာတွေတောင် သင့်စိတ်ကို မနှိုးဆော်နိုင်တော့ဘူး။ ခုတော့ အရင်လိုစိတ်လှုပ်ရှားမှုမျိုးပြန်ရဖို့ အသည်းအသန်ကြိုးစားနေရပြီ။

လိင်မှုအကောင်အထည်ဖော်ခြင်း
ဒီအပိုင်းမှာတော့ လူတွေ စွန့်စားမှုစလုပ်လာပြီး သူတို့ကြည့်ခဲ့တဲ့ပုံရိပ်တွေအတိုင်း အကောင်အထည်စဖော်ကြတဲ့အချိန် ရောက်ပါပြီ။ သူတို့ဟာ စာရွက်နဲ့ဖန်သားပြင်ထက်က အပြာဇာတ်လမ်းတွေကနေ တကယ့်ကမ္ဘာထဲက တကယ့်လူတွေဆီကို မရိုးသားတဲ့နည်းလမ်းတွေနဲ့ ဦးတည်နေပြီ။

အပြာစွဲလန်းမှု - ငါစွဲနေပြီလား?

သင့်ဘဝမှာ ဒီလိုအနေအထားတွေကို တွေ့နေရပြီဆိုရင် ချက်ချင်းဘရိတ်အုပ်ဖို့ လိုအပ်နေပါပြီ။ အပြာက သင့်ဘဝကို ပိုပိုပြီး ထိန်းချုပ်နေပြီလား? ရပ်ပစ်လိုက်ဖို့ အခက်အခဲရှိနေပြီလား? ထပ်ထပ်ပြီး ကြည့်နေမိပါသလား?

အပြာစွဲလန်းမှု - ငါဘာလုပ်နိုင်သလဲ?

ပထမဆုံးလုပ်ရမှာက သင်အပြာစာပေရုပ်ရှင်နဲ့ နပန်းလုံးနေရပြီဆိုတာ ဝန်ခံပါ။ ဝန်ခံလိုက်ရင် ဒီကိစ္စဟာ အထူးအဆန်းကြီး ဖြစ်မနေတာကို တွေ့ရမယ်ဆိုတာယုံပါ။ လူသန်းပေါင်းများစွာဟာ အပြာကိစ္စမှာ အမျိုးမျိုးသောအဆင့်နဲ့ လုံးပန်းနေကြတာချည်းပါ။ ဒါဟာ အံ့အားသင့်စရာ လုံးဝဖြစ်မနေပါဘူး။ အပြာလုပ်ငန်းတွေက သင့်ကိုထောင်ချောက်ဆင်ဖို့ ဘီလီယန်ပေါင်းများစွာ အကုန်အကျ ခံခဲ့ကြတာကလား။ ဒါကြောင့် သူတို့အောင်မြင်နေကြတာ အံ့သြစရာကောင်းသလား? သင့်လိုတချို့လူတွေရဲ့အတိတ်မှာ အပြာကိုဖြတ်ပစ်နိုင်ဖို့ ခက်ခဲစေမယ့် လိင်ပိုင်းဆိုင်ရာအလွဲသုံးမှုနဲ့ ထိတွေ့ရင်းနှီးမှုလို ပြဿနာတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ အကူအညီမပါဘဲ စွဲလန်းမှုကို ဖြတ်တောက်နိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။

ဒီစွဲလန်းမှုကိုပြတ်အောင်ကူညီဖို့ သင် တစ်ယောက်ယောက်လိုအပ်ပါတယ်။ လျှို့ဝှက်ထားခြင်းကို ကျော်ဖြတ်တာဟာ လုံးဝအရေးပါပါတယ်။ အဲလိုမလုပ်ဘဲ စွဲလန်းမှုကနေ သင်မလွတ်မြောက်တန်ရာဘူး။ သင်ဒီလိုဖြစ်နေတာ လူတိုင်းသိရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အစွဲပြဿနာရှိတဲ့သူတွေကို အကြံပေးလမ်းညွှန်တတ်ပြီး သင်ယုံကြည်နိုင်တဲ့သူတစ်ယောက်ယောက်ကို ရွေးချယ်ပါ -- ပါစတာ (သင်းအုပ်)၊ လူငယ်အဖွဲ့ခေါင်းဆောင် မဟုတ်ရင် အကြံပေးပုဂ္ဂိုလ်တစ်ဦးဦးပေါ့။ သင် လုံးဝယုံကြည်စိတ်ချပြီး၊ လုံခြုံမှုပေးမယ့်လူ၊ ပြီးတော့ စွဲလန်းမှုနဲ့ပတ်သက်လာရင် အတွေ့အကြုံရှိတဲ့လူတစ်ယောက်က သင့်အပေါ်အံ့သြမိမှာမဟုတ်ဘူးလေ။

အပြာစွဲလန်းမှုကနေ လွတ်မြောက်ခြင်းဆိုတာ ရှိပါရဲ့လား?

အပြာက မုသားတွေနဲ့ သင့်ကိုချည်နှောင်တယ်။ ဒါပေမယ့် ဘုရားသခင်ကတော့ သင့်ကိုသမ္မာတရားလမ်းထဲ ခေါ်ဆောင်နိုင်ပါတယ်။ ယေရှုက “သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်” လို့ မိန့်ဆိုခဲ့ပါတယ်။ ယေရှုဒီလိုပြောတာကို ကြားတဲ့လူတွေက စိတ်ဆိုးပြီးတော့ ဒီလိုတုံ့ပြန်ခဲ့ကြတယ် “ငါတို့သည်.. အဘယ်သူထံ၌ တခါတရံမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟူ၍ သင်သည် အဘယ်သို့ပြောဆိုသနည်း?” ဒီတော့ ယေရှုက လူတွေဟာ အပြစ်ရဲ့ကျေးကျွန်ပြုတာ ခံရကြောင်း၊ သို့ပေမယ့် သူကသင့်ကို လွတ်မြောက်စေနိုင်ကြောင်း ပြောခဲ့ပါတယ်။

အပြစ်က ကျနော်တို့ကို ကျွန်ပြုရုံမကဘူး၊ ဘုရားနဲ့ပါ ဝေးစေတာပါ။ ဘယ်သူမှတော့ ပြည့်စုံတာမရှိပါဘူး။ ဘုရားရဲ့အမြင်မှာ ဘယ်သူမှ မဖြောင့်မတ်ပါဘူး။ ကျနော်တို့ကို “ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြ” ပြီလို့ ပြောထားပါတယ်။ ကျနော်တို့အားလုံးဟာ ဘုရားသခင်ရဲ့စီရင်ချက်နဲ့အပြစ်ဒဏ်ကို ခံယူထိုက်ပါတယ်။ ဒါပေမယ့် သန့်ရှင်းမြင့်မြတ်ပြီး မေတ္တာနဲ့ပြည့်စုံတဲ့ဘုရားဟာ ကျနော်တို့ရဲ့အပြစ်အတွက် ဖြေရှင်းချက်တစ်ခုကို ပြင်ဆင်ပေးခဲ့တယ်။ ဒါမှ ကျနော်တို့အပြစ်အတိုင်း စီရင်ချက်ချမခံရအောင်လို့ပါ။ သူဟာ ကျနော်တို့ရဲ့အပြစ်အတွက် အပြစ်ဒဏ်ကို ကိုယ်တိုင်ခံယူခဲ့တယ်။ ဘုရားရဲ့သားတော် ယေရှုခရစ်ဟာ ကျနော်တို့ ခွင့်လွှတ်ခြင်းရရှိဖို့ရန် ကျနော်တို့ရဲ့အပြစ်အတွက် ညှင်းပန်းနှိပ်စက်ခံပြီး ကားတိုင်ပေါ်မှာအသေခံခဲ့ပါတယ်။ နောက် သူကြိုပြောခဲ့တဲ့အတိုင်းပဲ သုံးရက်မြောက်တဲ့နေ့မှာ သေခြင်းကရှင်ပြန်ထမြောက်ခဲ့တယ်။ ပြီးတော့ အခုသင့်ကို သူနဲ့ဆက်သွယ်မှုရရှိနိုင်အောင် ကမ်းလှမ်းနေပါတယ်။ သမ္မာကျမ်းစာထဲက အံ့သြဖွယ်အကောင်းဆုံး မိန့်ဆိုချက်ကတော့ - “ကိုယ်အပြစ်ကိုဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏” ဆိုတာပါပဲ။

အရေးကြီးဆုံးကျွမ်းဝင်ဆက်သွယ်မှု

ရင်းနှီးကျွမ်းဝင်မှုနဲ့မေတ္တာကို သင်ရှာဖွေနေတယ်ဆိုရင်၊ အပြာစာပေရုပ်ရှင်ဟာ သင်ရှာဖွေနေတဲ့မေတ္တာစစ်အတွက် မှားယွင်းတဲ့အစားထိုးမှုတစ်ခုပါ။ ကျနော်တို့ရဲ့ ကျွမ်းဝင်ဆက်သွယ်မှုလိုအပ်ချက်တွေကို ဘုရားကိုယ်တိုင်ကသာ အပြည့်စုံဆုံး ဖြစ်စေနိုင်ဖို့ရန်အတွက် ကျနော်တို့ကို ဘုရားက ဖန်ဆင်းထားတာဖြစ်ပါတယ်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” အပြာက လူတွေရဲ့ဘဝထဲကို သယ်ဆောင်လာနိုင်တဲ့ မှောင်မိုက်နဲ့ပျက်စီးခြင်းတွေ ခံစားရမယ့်အစား ယေရှုက “.. သက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာ လာသတည်း” လို့ ပြောခဲ့ပါတယ်။ သူနဲ့ကျွမ်းဝင်ဆက်သွယ်မှုမှတဆင့် သူ့ရဲ့ခွင့်လွှတ်ခြင်းတရားကို ပေးအပ်နေတာဖြစ်ပါတယ်။ သင့်ကို ခွင့်လွှတ်ပြီး သင့်အသက်တာထဲဝင်လာဖို့ သူ့ကို တောင်းလျှောက်လိုပါသလား? ယခုပင် ပြောနိုင်ပါတယ်။ ဒါကို စကားလုံးတွေနဲ့ပြောပြဖို့ အကူအညီလိုအပ်ခဲ့ရင် ကူညီနိုင်မယ့်ဆုတောင်းချက်တစ်ခု ဒီမှာပေးထားပါတယ် -

“သခင်ယေရှု၊ ကျွန်ုပ်အပြစ်ကို သိမြင်ပါပြီ။ ကိုယ်တော်လည်းသိမြင်တယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်ုပ်ကိုခွင့်လွှတ်ပြီး သန့်ရှင်းစေဖို့ တောင်းလျှောက်ပါတယ်။ ကျွန်ုပ်အပြစ်များအတွက် လက်ဝါးကားတိုင်ပေါ်မှာ အသေခံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ဘဝထဲကို ယခုပင်ဝင်လာပြီး အလိုတော်အတိုင်းလမ်းပြဖို့ရာ တောင်းလျှောက်ပါတယ်။ ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ကျွန်ုပ်ဘဝကို ပဲ့ပြင်တော်မူပါ။ ကိုယ်တော်၏ခွင့်လွှတ်ခြင်းနဲ့ ကျွန်ုပ်အသက်တာထဲ ယခုပင် ဝင်ရောက်လာသည့်အတွက် ကျေးဇူးတင်ပါတယ်။”

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ပြီးပါပြီ (အခြားအထောက်အကူပြုအချက်အလက်များ လိုက်လာရန်)

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ကောင်းဖိတ်ခေါ်လိုမှာဖြစ်ပါတယ်။ ကျေးဇူးပြု၍ ဒီအရာကို ပိုမိုပြည့်စုံစွာရှင်းပြပေးပါ။

မေးစရာတစ်ခုရှိပါတယ်...

(၁) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၃၁-၃၂
(၂) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၃၃
(၃) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၃၄
(၄) ဟေရှာယအနာဂတ္တိကျမ်း ၅၃း၆
(၅) ရှင်ယောဟန်သြဝါဒစာ ပ-စောင် ၁း၉
(၆) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃း၁၆
(၇) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁ဝး၁ဝ

ဆောင်းပါးကိုဝေမျှရန်