စက္ကူချပ်တစ်ရွက်ပေါ်မှာ လူနှစ်ယောက်ရှိတယ်လို့ မြင်ယောင်ကြည့်ပါ။ အဲဒီလူနှစ်ယောက်မှာ အတိုင်းအထွာနှစ်ခုဖြစ်တဲ့ အမြင့်ရှိတယ်၊ အကျယ်ရှိတယ်။ ဒါပေမယ့် အနက်တော့မရှိဘူး။ စာရွက်ဟာ သူတို့ရဲ့ ကမ္ဘာ့အကျယ်အဝန်းဖြစ်တယ်။ သူတို့သင့်ကိုတွေ့နိုင်လား? မတွေ့နိုင်ပါဘူး။ သူတို့ဟာ သူတို့ကမ္ဘာဖြစ်တဲ့ စာရွက်ပေါ်မှာရှိတာကိုပဲ မြင်တွေ့နိုင်ပါတယ်။ သူတို့မှာ အတိမ်အနက်ဆိုတဲ့ သဘောအမြင်မရှိပါဘူး။ အခု သင့်လက်ချောင်းနဲ့ စာရွက်ကိုထိတယ်ဆိုကြပါစို့။ အခု သင့်ကိုသူတို့တွေ့နိုင်လား? သူတို့ သင့်တကိုယ်လုံးကိုတော့မတွေ့နိုင်ဘူး။ ဒါပေမယ့် သူတို့ကမ္ဘာ[စာရွက်]ထဲကိုဝင်လာတဲ့အပိုင်းဖြစ်တဲ့ သင့်လက်ချောင်းထိပ်ကိုပဲ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
ဘုရားသခင်ဟာလျှို့ဝှက်တယ် (သို့) ကွယ်ဝှက်ထားတယ်ဆိုတာ ကျနော်တို့လူသားတွေရဲ့ အမြင်အခြေအနေဖော်ပြချက်ပဲ ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကျနော်တို့ရဲ့တိုင်းထွာချက်တွေရဲ့အလွန်မှာ တည်ရှိပါတယ်။ သူဟာ ကျနော်တို့သိတဲ့ အချိန်နဲ့နေရာတွေရဲ့ပြင်ပမှာ တည်ရှိတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို “မြင်တွေ့” ဖို့ ခက်ခဲတယ်။ ကျနော်တို့ဟာ အတိုင်းအထွာနှစ်ခုရှိတဲ့ စက္ကူချပ်ပေါ်ကလူတွေနဲ့ တူပါတယ်။ တတိယအတိုင်းအထွာမှာ ဘာရှိတယ်ဆိုတာ ကျနော်တို့မမြင်နိုင်ဘူး။ ဒါပေမယ့် ဒီအခြေအနေမှာတော့ ကျနော်တို့ဟာ အတိုင်းအထွာရှုထောင့်လေးခု (အမြင့်၊ အကျယ်၊ အနက်၊ အချိန်) ထဲမှာရှိတာဖြစ်ပြီး၊ ဘုရားက အဲဒါတွေရဲ့အလွန်မှာရှိတာဖြစ်ပါတယ်။
ဒါဆို အဲဒီလိုဖြစ်တဲ့ဘုရားကို ကျနော်တို့ဘယ်လိုသိနိုင်မလဲ? စာရွက်ပေါ်က “ ပြားပြားချပ်ချပ်လူ”တွေလိုပဲ သင်ကသာ သူတို့ကို မထိဘူးဆိုရင် သင့်အကြောင်းကို သူတို့ မသိနိုင်ဘူး။ အဲဒီလိုပဲ ဘုရားကသူ့ကိုယ်သူဖွင့်မပြဘူးဆိုရင် ကျနော်တို့သူ့ကိုရှာမတွေ့နိုင်ပါဘူး။ သူက ကျနော်တို့ကမ္ဘာကြီးရဲ့ “စာရွက်ကို ထိ”ရပါမယ်။ ကျနော်တို့သိနိုင်တဲ့ အတိုင်းအထွာရှုထောင့်တွေထဲကို ဆင်းလာဖို့လိုပါတယ်။
ကျနော်တို့ လူ့သမိုင်း၊ အထူးသဖြင့် ဘာသာရေးသမိုင်းကိုလေ့လာတဲ့အခါမှာ ဘုရားသခင်က ကျနော်တို့ကမ္ဘာ “စာရွက်ကို ထိ”ခဲ့တဲ့သာဓကတွေကို တွေ့ရပါသလား? ဘုရားရဲ့“လက်ချောင်း”ဟာ ယေရှုခရစ်တော်လို့သိရတဲ့ လူပုဂ္ဂိုလ်အနေနဲ့ ကျနော်တို့ကမ္ဘာကိုထိခဲ့တယ်ဆိုတာကို စဉ်းစားကြည့်ပါ။ ယေရှုဟာ သူ့ကိုယ်သူ ဘုရားပါလို့ ကြေညာခဲ့တယ်။၁ သူ့ကိုတွေ့တာ ဘုရားကိုတွေ့တာဖြစ်တယ်လို့ ပြောခဲ့တယ်။၂ သူဟာ ဘုရားဆီကနေ ကျနော်တို့ကမ္ဘာဆီကိုတိုက်ရိုက်ဆင်းလာတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်လို့ ပြောခဲ့ပါတယ်။၃ ပြီးတော့ ဘုရားကသာပြုလုပ်နိုင်တာဖြစ်တဲ့ လူတွေရဲ့အပြစ်ကို ခွင့်လွှတ်ခဲ့ပါတယ်။၄ သမ္မာကျမ်းစာ ဓမ္မသစ်အပိုင်းရှိ ကျမ်းချက်အများကြီးက ယေရှုရဲ့ဘုရားဖြစ်ခြင်းကို အခိုင်အမာပြောဆိုပါတယ်။၅ သူဟာ “နှုတ်ကပတ်တော်သည် လူဇာတိအဖြစ်ကိုခံယူ၍ ... ငါတို့တွင်တည်နေတော်မူ”တဲ့ ဘုရားသခင်ပဲဖြစ်ပါတယ်။၆ သူဟာ “မျက်မြင်မရသောဘုရားသခင်၏ ပုံသဏ္ဌာန်တော်”ပဲ ဖြစ်ပါတယ်။၇
ကျနော်တို့ဟာ “လူပြားပြားချပ်ချပ်တွေ” ဖြစ်မယ်ဆိုရင် အတိုင်းအထွာရှုထောင့်အစုံရှိတဲ့ ဖန်ဆင်းရှင်ဘုရားဟာ အတိုင်းအထွာရှုထောင့်လေးခုသာရှိတဲ့ ကမ္ဘာမြေပေါ်ကို လူအဖြစ်ခံယူခြင်းအားဖြင့်လာရောက်နိုင်တယ်ဆိုတာ အဓိပ္ပာယ်ရှိပါတယ်။ ကျနော်တို့ကို သူ့ကိုယ်သူဖွင့်ပြခဲ့ပါတယ်။ ဒါပေမယ့် ဘုရားက ဘာကြောင့် အဲလိုလုပ်ရသလဲ?
သစ်သားအိမ်ငယ်လေးတစ်လုံးမှာ တစ်ဦးတည်းနေထိုင်တဲ့ လယ်သမားအဖိုးအိုတစ်ယောက်အကြောင်း ပုံပြင်ရှိပါတယ်။ သူ့အိမ်လေးနဲ့ကပ်လျက်မှာ စပါးကျီလေးတစ်လုံးရှိပါတယ်။ အရမ်းကိုချမ်းအေးတဲ့ ဆောင်းညတစ်ညမှာ အေးခဲသွားလောက်တဲ့အချမ်းဒဏ်ကနေ လွတ်မြောက်ဖို့ကြိုးစားရင်း ငှက်တစ်ချို့ဟာ သူ့တဲအိမ်နွေးလေးထဲကို ပြတင်းပေါက်ကနေတိုးဝင်လာကြတယ်။ တကယ်ဆို စပါးကျီထဲမှာမှနွေးတာပါ။ ဒါကြောင့် သူက လက်နဲ့ဝှေ့ယမ်းအော်ဟစ်ရင်း ငှက်တွေကိုလုံခြုံတဲ့စပါးကျီထဲ မောင်းသွင်းဖို့ကြိုးစားတယ်။ ဒါပေမယ့် ငှက်တွေကသူ့ကိုနားမလည်ကြဘူး။
အဲဒီခါမှာ အဖိုးအိုက သူလည်း သူတို့လိုငှက်ဖြစ်ရင်သိပ်ကောင်းမှာပဲ စဉ်းစားမိတယ်။ သူသာငှက်ဖြစ်ရင် သေခြင်းကနေလွတ်မြောက်ဖို့ တခြားငှက်တွေကို စပါးကျီထဲ ဦးဆောင်ခေါ်သွင်းနိုင်မှာလေ။ အဲဒီအချိန်လေးမှာ လယ်သမားအဘိုးအိုက သခင်ယေရှု ဘာကြောင့် လူ့လောကကိုကြွလာခဲ့သလဲဆိုတာ သဘောပေါက်သွားပါတယ်။ အဘိုးအိုဟာ ငှက်အသွင်မဆောင်နိုင်ခဲ့ပေမယ့် ဘုရားသခင်ကတော့ လူသားအသွင်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် လူသားအနေနဲ့လာခဲ့တာ ဖြစ်ပါတယ်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” ၈
(၁) ရှင်ယောဟန် ၈း၅၈။ ၁ရး၃ (၂) ရှင်ယောဟန် ၁၂း၄၅။ ၁၄း၉ (၃) ရှင်ယောဟန် ၃း၁၃ (၄) ရှင်မာကု ၂း၅ (၅) ရှင်ယောဟန် ၁း၃၊ ၄၊ ၁၈။ ဟေဗြဲ ၁း၁-၁၃။ ကောလောသဲ ၁း၁၅-၂၀။ ဖိလိပ္ပို ၂း၆ (၆) ရှင်ယောဟန် ၁း၁၄ (၇) ကောလောသဲ ၁း၁၅ (၈) ရှင်ယောဟန် ၃း၁၆
ဘုရားသခင်နဲ့ဆက်သွယ်မှု ဘယ်လိုအစပြုမလဲ?