စံဖြစ်သောဘုရားကို တောင်းတခြင်းနှင့် ရှာဖွေခြင်း

ဘုရားကိုတောင်းတခြင်း - ကမ္ဘာကြီးက ဘုရားအကြောင်း ထင်မြင်ချက်အမျိုးမျိုး ပေးတယ် - သမ္မာကျမ်းစာကဖွင့်ပြတဲ့ ဘုရားဟာ စံဖြစ်သောဘုရားလေလား ?

ကျနော်တို့လူတော်တော်များများဟာ “စံဖြစ်” တဲ့ဘုရားကို စိတ်ထဲမှာပုံဖော်တတ်ကြတယ်။ ဘုရားဟာ တန်ခိုးကြီးရမယ်၊ ကျနော်တို့ကို နားလည်ရမယ်၊ ဂရုစိုက်ရမယ် စသည်ဖြင့်ရှိကြပါမယ်။ အောက်ပါအချက်အလက်တွေကနေ သမ္မာကျမ်းစာဖော်ပြတဲ့ ဘုရားသခင်အကြောင်း အတော်အတန် နားလည်နိုင်ပါတယ်။

၁။ ကျနော်တို့ထက် ပိုကြီးမြတ်သောဘုရား

ဘုရားကိုတောင်းတခြင်း - လူသားတွေဟာ မကြာသေးမှီနှစ်များအတွင်းမှာ အံ့မခန်းတိုးတက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ဘိုးဘေးတွေထက် အသက်ပိုရှည် နေထိုင်နိုင်တယ်၊ အသံရဲ့မြန်နှုန်းထက် ပိုမြန်အောင် ပျံသန်းနိုင်တယ်၊ ပြီးတော့ ကွန်ပြူတာကီးခုံတစ်ခုကနေပြီး တကမ္ဘာလုံးကို ဆက်သွယ်နိုင်တယ်။ ဒါပေမယ့် အဖက်ဖက်ကနေ တိုးတက်လာခဲ့ ကြတာနဲ့အမျှ အခြားအရာတွေအများကြီးမှာလည်း ဆုတ်ယုတ်လာခဲ့ကြတယ်။ ဆယ်စုနှစ်တစ်ခုတိုင်းမှာ ရာဇဝတ်မှုတွေ၊ လင်မယားကွာရှင်းမှုနှုန်းတွေ၊ ပြီးတော့ ဆယ်ကျော်သက်အရွယ် မိမိကိုယ်ကိုအဆုံးစီရင်မှုတွေ ပိုမိုတိုးတက် များပြားလာပါတယ်။ ကမ္ဘာတလွှားမှာ လူထောင်ချီပြီး နေစဉ်နဲ့အမျှ အိတ်ခ်ျအိုင်ဗွီပိုးတွေ ကူးစက်ခံရတယ်။ လူသန်းပေါင်းရာချီပြီး ကာလကြာအစာခေါင်းပါးမှုဘေးဒဏ် ခံစားရပါတယ်။

ဒီ့ထက်မကပါဘူး။ ဥပမာပြောရရင် လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ ကမ္ဘာနဲ့အဝှမ်း စစ်ပွဲကြိမ်ရေအများဆုံး ထိုးတက် လာတာ ကြုံကြရတယ်။ ဘုရားနေရာမှာသာနေကြည့်ရင် ကျနော်တို့ အတော့်ကို အခြေအနေဆိုးနေမှန်း သိသာပါတယ်။ နည်းပညာတွေ ဒီလောက်တိုးတက်လာတာတောင် ကျနော်တို့ ရာဇဝတ်မှု၊ ကွာရှင်းပြတ်စဲခြင်း၊ လူမျိုးရေးပဋိပက္ခနဲ့၊ အစိုးရ ပရောဂကြောင့်ဖြစ်တဲ့ အစာခေါင်းပါးမှု စတာတွေ ကြုံတွေ့နေရတုန်းပါ။ ဒါကြောင့် ကျနော်တို့လူသားတွေထက် ပိုကြီးမြတ်တဲ့ ဘုရားတစ်ပါး ရှိနေမယ်ဆိုရင် ပိုမကောင်းပေဘူးလား? ကျနော်တို့ဖာသာ မရပ်တည်နိုင်တော့တဲ့ အခြေအနေမျိုးမှာ ဖေးမခေါ်ဆောင်နိုင်စွမ်းရှိတဲ့ ဘုရားတစ်ပါးပါးပေါ့။

သမ္မာကျမ်းစာထဲမှာဖော်ပြထားတဲ့ဘုရားသခင်ဟာ အဲဒီဘုရားပဲဖြစ်ပါတယ်။ သူဟာ စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းတဲ့ဘုရား -- လူတို့အကြံအစည်အားဖြင့် မမှီနိုင်သော၊ အရာခပ်သိမ်းကိုသိမြင်သော၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သော၊ အစဉ်ထာဝရတည်ရှိပြီးတော့ အရာခပ်သိမ်းကိုအကျိုးပြုသော ဖန်ဆင်းရှင်ဘုရားဖြစ်ကြောင်း ဖွင့်ဟပြောဆိုပါတယ်။ သူက “မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကိုလည်း ဖန်ဆင်းလေပြီ။ မိုဃ်းကောင်းကင် ကိုယ်လက်နှင့်ငါကြက်လေပြီ။ မိုဃ်းကောင်းကင်တန်ဆာအပေါင်းတို့ကို ငါခန့်ထားလေပြီ။” “ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသောဘုရား မရှိ။” “ငါသည် … ပစ္စပ္ပုန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။”လို့ ပြောခဲ့ပါတယ်။

၂။ တစ်ဦးချင်းသိကျွမ်းနိုင်သော ဘုရား

ဘုရားကိုတောင်းတခြင်း - ယနေ့လူတွေ ဘုရားကို နေရာတိုင်းမှာရှိတဲ့ စွမ်းအင်တစ်မျိုးလို ခံယူတတ်ကြတယ်။ ဒါပေမယ့် ဘုရားရဲ့တန်ခိုးတော်အားဖြင့် အရာအားလုံးဟာ အချိန်တိုင်းမှာ တည်ရှိတည်တံ့နေရင်တောင် ဘုရားဟာ ဒီအတွက်သာ မဟုတ်ပါဘူး။ ဥပမာ၊ မိဘလို၊ ညီအစ်ကိုလို၊ ဒါမှမဟုတ် မိတ်ဆွေလိုဖြစ်တဲ့ဘုရားမျိုးကို သိကျွမ်းရင်ပိုကောင်းမယ် မဟုတ်ဘူးလား? စကားပြောဆိုလို့ရမယ့်သူ၊ ကိုယ့်ပြဿနာတွေကို ပြောပြနိုင်ရမယ့်သူ၊ လမ်းညွှန်မှုရယူနိုင်ရမယ့်သူ၊ ဘဝကိုအတူတကွ တွေ့ကြုံခံစားနိုင်ရမယ့်သူမျိုးလေ။ ရင်းနှီးဖော်ရွေမှုကင်းတဲ့၊ သိနားလည်လို့မရတဲ့၊ ဝေးကွာတဲ့ဘုရားမျိုးဆိုရင် ဘာအကျိုးရှိပါမလဲ?

ကျမ်းစာထဲကဘုရားသခင်ဟာ ကြီးကျယ်မြင့်မြတ်ပြီး လူတွေနဲ့မတူ “ကွဲပြားခြားနား” ပေမယ့် သူ့ကို ကျနော်တို့ သိကျွမ်းနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ကိုလည်း သိကျွမ်းစေလိုပါတယ်။ ဘုရားသခင်ကို မမြင်ရပေမယ့် ကျနော်တို့ စကားပြောလို့ ရပါတယ်၊ သိလိုတာတွေ မေးမြန်းပြီးတော့ သူပြောတာကိုလည်း နားထောင်နိုင်ပါတယ်။ ဒါဆို ကျနော်တို့ကို အဖြေပေးပြီး တော့ ဘဝအတွက်လမ်းညွှန်မှုတွေ ပေးမှာဖြစ်ပါတယ်။ အမြဲလိုလို အဲဒီအဖြေနဲ့ လမ်းညွှန်မှုတွေကို ကျနော်တို့အတွက် ဘုရားသခင်ရဲ့မေတ္တာဘွဲ့စာလို့ အများခေါ်တဲ့ သူ့ရဲ့နှုတ်ကပတ်တော် သမ္မာကျမ်းစာကနေတဆင့် ပေးထားပါတယ်။

ကျနော်တို့ မိသားစုဝင်တစ်ဦးဦးနဲ့ထားရှိတဲ့ ရင်းနှီးကျွမ်းဝင်မှုမျိုး ဘုရားသခင်နဲ့လည်း ထားရှိနိုင်ပါတယ်။ အမှန်တကယ်ဆို သူ့ကိုသိကျွမ်းတဲ့သူတွေကို သူ့ရဲ့သားသမီး၊ သတို့သမီး၊ မိတ်ဆွေလို့ပင် ခေါ်တာဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းစာထဲကဘုရားဟာ နှစ်လိုဖွယ်ကောင်းတဲ့အပြင် ကျနော်တို့အတွက် အရာခပ်သိမ်းပဲ ဖြစ်ပါတယ်။ သူဟာ အမျက်ထွက်တတ်ပြီး ဝမ်းနည်းတတ်တယ်၊ ဂရုဏာမေတ္တာထားပြီး ခွင့်လွှတ်တတ်တယ်၊ ဒါကြောင့် စိတ်ခံစားမှုနဲ့ ပြည့်ဝတဲ့ဘုရားပဲ ဖြစ်ပါတယ်။ သူဟာ အံ့မခန်းထက်မြက်ပြီး၊ လူပုဂ္ဂိုလ်ဟန်မျိုးနဲ့ ဇဝနဉာဏ်ရှိသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သိနိုင်ရုံသာမက၊ ကျနော်တို့သူ့ကို မိတ်ဆွေရောင်းရင်းတစ်ဦးသဖွယ် ကိုယ်တိုင်ကိုယ်ကျ သိကျွမ်းနိုင်ပါတယ်။ “ထာဝရ အသက်ဟူမူကား၊ မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း။”

၃။ လူ၏အတွေ့အကြုံကို နားလည်သောဘုရား

ဘုရားသခင်ကိုတောင်းတခြင်း - တချို့က ဘုရားကို ဝေးကွာပြီးသီးခြားဖြစ်တယ်လို့ ထင်တတ်ကြတယ်။ စကြာဝဠာကြီးကို ဖန်ဆင်းပြီးတော့ သူ့ဖာသာလည်ပတ်နိုင်အောင် ချန်ရစ်ထားခဲ့တယ်ဆိုပြီးတော့လေ။ ဒီစကြာဝဠာကြီးနဲ့ အထူးသဖြင့် ဒီကမ္ဘာပေါ်က ဖြစ်ပျက်တဲ့အရာတွေမှာ ပါဝင်ပတ်သက်တဲ့ဘုရားမျိုးရှိရင် ပိုမကောင်းပေဘူးလား? ပြီးတော့ လူသားတွေ အနေနဲ့ ကျနော်တို့တွေ့ကြုံတဲ့ မယုံကြည်နိုင်စရာ ဘေးဒုက္ခတွေ၊ တာဝန်ဝတ္တရားတွေနဲ့၊ စိန်ခေါ်မှုတွေမှာရော? အဲဒီအရာတွေကို သိနားလည်ပေးတဲ့၊ သူကိုယ်တိုင်ခွင့်ပြုထားတဲ့အတိုင်း ဒီခက်ခဲကြမ်းတမ်းတဲ့ကမ္ဘာကြီးမှာ ကြုံတွေ့ရတဲ့ ဘဝဒုက္ခတွေကို တနည်းနည်းနဲ့ နားလည်ပေးနိုင်မယ့် ဘုရားမျိုးရှိရင် သိပ်ကောင်းမယ်မဟုတ်ဘူးလား?

ကျမ်းစာထဲကဘုရားဟာ လူသားတွေဖြစ်တတ်တဲ့ သဘောသဘာဝကို သိနားလည်ပါတယ်။ ယေရှုခရစ်တော်ဟာ ဘုရားသခင်ရဲ့သားတော်ဖြစ်ရုံမျှမက သူကိုယ်တိုင်ဟာ လူသားပုံသဏ္ဌာန်နဲ့ လူသားဇာတိကိုခံယူခဲ့တဲ့ ဘုရားသခင်ပဲ ဖြစ်ပါတယ်။ “အစဦး၌ နှုတ်ကပတ်တော် [ယေရှုခရစ်] ရှိ၏။ နှုတ်ကပတ်တော် [ယေရှုခရစ်] သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် [ယေရှုခရစ်] သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ နှုတ်ကပတ်တော် [ယေရှုခရစ်] သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ … ငါတို့တွင် တည်နေတော်မူသည်…။”

ဘုရားသခင်ရဲ့သားတော်အကြောင်း ကျမ်းစာက- “ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍…။” “ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်၏။” သူဟာ “တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဖ” ဖြစ်ပြီးတော့ “လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ” ပြီး “လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်” ရှိပါတယ်။ “ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။”၁၀ ပြီးတော့လည်း “ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရူပအရာ၊… ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။”၁၁ လို့ ဖော်ပြထားပါတယ်။

ယေရှုကိုယ်တော်တိုင် “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။”၁၂ လို့ ပြောခဲ့ပါတယ်။ “ငါ့ကိုကြည့်မြင်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို ကြည့်မြင်၏။”၁၃ “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်”၁၄ လို့ ဆိုခဲ့တယ်။

ယေရှုဟာ ရာနှုန်းပြည့် ဘုရားသခင်ဖြစ်ပေမယ့်၊ တစ်နည်းအားဖြင့် ရာနှုန်းပြည့် လူသားလည်း ဖြစ်ပါတယ်။ သူဟာ ဆာလောင်ငတ်မွတ်ခဲ့တယ်၊ အိပ်စက်ခဲ့တယ်၊ ငိုကျွေးခဲ့တယ်၊ အစာလည်း စားသောက်ခဲ့ပါတယ်။ ကျနော်တို့ကြုံတွေ့တဲ့ အခက်အခဲပေါင်းစုံမက ဒီ့ထက်ပိုပြီးကြုံတွေ့ခံစားခဲ့ပါတယ်။ ဒါကြောင့် ကျမ်းစာထဲမှာ ဘုရားသခင်ဟာ “ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်”၁၅ ဘူးလို့ ဆိုပါတယ်။ “ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွှတ်တော်မူ၏။”၁၅ လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဘုရားသခင်ဟာ ကျနော်တို့ကမ္ဘာမှာဖြစ်ပျက်နေတဲ့ ဝေဒနာ၊ ဒုက္ခနဲ့ ဒုစရိုက်တွေရဲ့ အလှမ်းဝေးမှာ ရှိမနေပါဘူး။ ကျနော်တို့ ခံစားရသလိုပဲ သူလည်း ခံစားခဲ့ရပါတယ်။ အမှန်ဆို ကမ္ဘာပေါ်မှာ ရှိစဉ်တုန်းက တကယ် ဒုက္ခအတိ ရောက်ခဲ့တာပါ။ ဆင်းရဲတဲ့မိသားစုမှာ ပေါက်ဖွားတယ်၊ ရုပ်ပိုင်းဆိုင်ရာ မက်မောစရာမရှိဘူး၊ သံသယနဲ့ မလိုမုန်းတီးမှုတွေ ကြုံရတယ်၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေများကပါ အထင်လွှဲမှားခဲ့တယ်၊ ပြီးတော့ မှားယွင်းစွာ ကွပ်မျက်ခံခဲ့ရပါတယ်။

၎။ ကျနော်တို့အား အမှန်တကယ်ဂရုစိုက်သောဘုရား

ဘုရားကိုတောင်းတခြင်း - ကျနော်တို့ဟာ သူတပါး လက်ခံတာနဲ့ ချစ်တာကို လိုချင်ကြတယ်။ လူတွေကိုယ့်ကို အမှန်တကယ် ဂရုစိုက်စေချင်တယ်၊ အပေါ်ယံစကားလုံးနဲ့တင် မဟုတ်ရဘူး။ သူတို့ ဂရုစိုက်တာနဲ့ အလေးထားတာကို လက်တွေ့အားဖြင့် ပြစေချင်တယ်။ ဘုရားအနေနဲ့လည်း အဲဒီလိုပဲ ဖြစ်ရမယ်မဟုတ်လား? ပြောချင်တာ၊ တကယ်လို့ ဘုရားက ကျနော်တို့ကို အမှန်တကယ် ဂရုစိုက်ပြီး အဲဒါကို လက်ဆုပ်လက်ကိုင် သက်သေပြတယ်ဆိုရင် အဲဒါ အဖြစ်သင့်ဆုံးပဲ မဟုတ်လား?

သမ္မာကျမ်းစာကဖော်ပြတဲ့ဘုရားသခင်ဟာ အမှန်တကယ် ကြင်နာတတ်ပါတယ်။ ဒါကို နှုတ်ကပါတ်တော်ထဲမှာ ပြောပါတယ်။ အမှန်ဆို ကျမ်းစာက “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ၁၆ လို့ ဆိုပါတယ်။ ဒါပေမယ့် စကားလုံးတွေက လက်တွေ့လောက် ဂရုစိုက်မှုနဲ့ အလေးထားမှုကို အကောင်အထည် မဖော်နိုင်ပါဘူး။ ဒါကြောင့် သမ္မာကျမ်းစာပြောတဲ့ ဘုရားသခင်ဟာ အလွန်ကိုထူးခြားပြီး အံ့အားသင့်စရာကောင်းရတာဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူဘယ်လောက်ထိ ချစ်တယ်ဆိုတာ ကျနော်တို့ကို တကယ်ပြသခဲ့လို့ပါပဲ။

“သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသောမေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။ ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။”၁၇ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”၁၈

သမ္မာကျမ်းစာဖော်ပြတဲ့ ဘုရားသခင်ဟာ ပြီးပြည့်စုံပြီး မြင့်မြတ်သန့်ရှင်းတဲ့ဘုရားလို့ မိန့်ဆိုပါတယ်။ “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မှိုက်အလျှင်းမရှိ။”၁၉လို့ ဆိုပါတယ်။ အဲဒီအတွက် သန့်ရှင်းစင်ကြယ်တဲ့ ဆက်သွယ်မှုမျိုးကို လိုချင်တယ်။ ဒါကြောင့် သူ့ရှေ့မှောက်မှာ ကျနော်တို့ သန့်ရှင်းခွင့်ရလေအောင် သားတော်ကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ သားတော်ယေရှုဟာ သီလသမာဓီအားဖြင့် မှန်ကန်ပြည့်စုံစွာ အသက်ရှင်ခဲ့တယ်၊ ပြီးမှ ကျနော်တို့ရဲ့ (“အပြစ်” မည်တဲ့) ကာယကံ၊ ဝစီကံနဲ့ မနောကံအားဖြင့် မှားယွင်းခဲ့တဲ့အရာတွေအတွက် “အဖိုးအခ”အဖြစ် အထိုးအနှက်ခံ၊ အညှင်းပန်းခံပြီး အသေသတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်၊ ကျနော်တို့အတွက်အစားထိုး၊ ကျနော်တို့ကိုယ်စား အသေခံခဲ့တာပါ။ “အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်းတည်း။”၂၀ “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။”၂၁

ဘုရားသခင်ဟာ ကျနော်တို့ကို တကယ်ကြင်နာလွန်းတဲ့အတွက် ကျနော်တို့အပြစ်အစား ကျနော်တို့နေရာမှာ အစားထိုး အသေခံဖို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဘုရားက ကျနော်တို့ကို ဘယ်လောက်ပင် သိကျွမ်းမိတ်ဖွဲ့ချင်သလဲဆိုတာပါပဲ။ သူဟာ လိုအပ်တာဟူသမျှ ဘာမဆိုလုပ်ဖို့ ဆန္ဒရှိတယ် - ကျနော်တို့ရဲ့အပြစ်ကိစ္စ ဖြေရှင်းဖို့ လိုအပ်တယ်လေ။ အခုဆိုရင် ကျနော်တို့ဟာ အပြစ်လွှတ်ခြင်းကို အပြည့်အဝ ခံစားနိုင်ပြီး ဘုရားနဲ့ အတားအဆီးမရှိ ဆက်သွယ်မှုကို ရရှိနိုင်ပါပြီ။

၅။ အရာရာကို ထိန်းချုပ်မှုအောက်၌ထားရှိသောဘုရား

ဘုရားကိုတောင်းတခြင်း - ကမ္ဘာမှာရှိတဲ့ ဆိုးဝါးတဲ့အရာတွေဟာ ကောင်းမြတ်ပြီး တန်ခိုးအာဏာစက်ရှိတဲ့ဘုရားတစ်ပါးပါး မရှိဘူးဆိုတာ သက်သေပြနေတယ်ဆိုတာ ဟုတ်ပါသလား? အဲဒီလို မဟုတ်ရပါဘူး။ အလွန်ကောင်းမွန်တဲ့ဘုရားက လူတွေတွေးမမှီနိုင်တဲ့ အကြံအစည်တွေအဖြစ် မကောင်းမှုတွေကို ယာယီခွင့်ပြုထားနိုင်တာလည်း ဖြစ်နိုင်တယ်လေ။ ဘုရားသခင်ဟာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ တချိန်လုံး အတိအကျ သိပါလျက်နဲ့ သူ့ရဲ့မြင့်မြတ်တဲ့အကြံအစည်အဖြစ် တချို့အရာတွေကို ခွင့်ပြုထားနိုင်ပါတယ်။

သမ္မာကျမ်းစာက ဖော်ပြတဲ့ဘုရားဟာ ထိုဘုရားသခင်ပါပဲ။ သူ့ရဲ့အခွင့်တော်မရှိဘဲ ကမ္ဘာပေါ်မှာ ဘယ်အရာမျှဖြစ်ပျက်တာ မရှိဘူးလို့ သူဆိုပါတယ်။ သူဟာ အရာရာတိုင်းကို လုံးဝ (လုံးဝ) အစိုးရပါတယ်။ “ထာဝရဘုရား မှာထားတော်မမူဘဲ၊ အဘယ်သူသည်ပြော၍ တစုံတခုကို ဖြစ်စေနိုင်သနည်း?”၂၂ “အဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှစ၍ မဖြစ်သေး သောအမှုအရာတို့ကို၎င်း ဖော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟု ဆို”၂၃ ထားပါတယ်။ “ထာဝရဘုရား၏ ပြဋ္ဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏ အကြံအစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်။”၂၄ “ထာဝရဘုရား၏ အကြံတော်သည် တည်လိမ့်မည်။”၂၅

သို့သော် ဖြစ်ပျက်သမျှတိုင်းဟာ ဘုရားနှစ်သက်တဲ့အရာချည်းလို့ ဆိုလိုတာမဟုတ်ပါဘူး။ သာဓကအားဖြင့်၊ ယေရှုက တပည့်တော်တွေကို ဘယ်လိုဆုတောင်းရမယ်ဆိုတာ သင်ပေးခဲ့တယ်၊ အဲဒီဆုတောင်းမှာ အဓိကပြောဆိုချက်တစ်ခုကတော့ “အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသောဝ်”၂၆ ဆိုတာပါ။ ဘုရားရဲ့ သမစိတ္တ အလိုတော်ဟာ ကောင်းကင်ဘုံမှာ အမြဲပြည့်စုံပါတယ်၊ ဒါပေမယ့် ကမ္ဘာပေါ်မှာတော့ မပြည့်စုံပါဘူး။ အရာရာပေါ်မှာ အစိုးရလင့်ကစား ကမ္ဘာပေါ်မှာ ဖြစ်ပျက်တဲ့အရာတိုင်းကို နစ်မြို့တာမဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းတစ်ရပ်ရပ်ကြောင့် အဲဒီအရာတွေ ဖြစ်ပျက်ဖို့ ခွင့်ပြုထားခြင်း (သူ့ရဲ့အခွင့်တော်စိတ်) ဖြစ်ပါတယ်၊ လူသားတွေအနေနဲ့ ကျနော်တို့မှာရှိတဲ့ လွပ်လပ်စွာရွေးချယ်ခွင့်ကြောင့်လို့လည်း ဆိုနိုင်ပါတယ်။

သို့ပေမယ့် ဘုရားသခင်ဟာ အကြံအစည်တစ်ခု အမှန် ရှိပါတယ်၊ ပြီးတော့ “အကြံအစည်တော်ကို ပြည့်စုံစေတော်မမူမှီ”၂၇ တိုင်အောင် လက်စသတ်စေမယ်မဟုတ်ပါ။ အဲဒီအကြံအစည်ဟာဘာလဲ? ဘုရားရဲ့ အဆုံးစွန်သော ရည်ရွယ်ချက်ကတော့ ကျနော်တို့ ပစ္စုပ္ပန်မှာ ကြုံတွေ့နေရတာတွေထက် လုံးဝခြားနားတဲ့ ဝန်းကျင်နယ်ပယ်တစ်ခုမှာ လူတွေနဲ့အတူ စံစားနေထိုင်ဖို့ရန် ဖြစ်ပါတယ်။ ထို နောင်ကမ္ဘာအကြောင်းကို ဘုရားပြောတာက “.. ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။ .. ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။..”၂၈

၆။ ဘဝ၏အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကိုပေးသော ဘုရား

သင်ပြီးမြောက်ခဲ့ပြီးသား အရေးပါတဲ့လုပ်ငန်း (သို့) စီမံချက်တစ်ခုကို ပြန်တွေးကြည့်တဲ့အခါမှာ အဲဒီအတွက်ထားရှိခဲ့တဲ့ ရည်ရွယ်ချက်ကို ပြန်သတိယမှာ ဖြစ်ပါတယ်။ သင့်ဘဝတစ်ခုလုံးအတွက်လည်း အဲဒီလိုပဲ ရည်ရွယ်ချက်နဲ့ ပြည့်စေချင်သလား? တစ်ခုခုနဲ့ တန်းတူရည်တူ ဖြစ်တာမျိုးလေ? သင့်ဘဝကို ရည်ရွယ်ချက်တစ်ခုနဲ့ ဖြစ်တည်စေပြီး အဲဒီရည်ရွယ်ချက်ကို သိမြင်ခံစားဖို့ လမ်းညွှန်ပေးနေတဲ့ ဘုရားတစ်ပါး ရှိနေနိုင်ပါသလား?

ဟုတ်ကဲ့။ သမ္မာကျမ်းစာကဖော်ပြတဲ့ဘုရားသခင် တကယ်တည်ရှိပါတယ်။ သင့်ဘဝကို ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်ပြည့်ဝလာစေနိုင်တယ်လို့ ဂတိတော်ထားပါတယ်။ သူနဲ့ ရင်းနှီးကျွမ်းဝင်ခြင်းအားဖြင့် ကျနော်တို့ဟာ “.. ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ”၂၉ မှာ ဖြစ်တယ်။ တခြားသူတွေရဲ့ဘဝမှာလည်း အကျိုးပြုတဲ့ ပြောင်းလဲမှုတစ်ခုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဘုရားရဲ့ အကြံအစည်တော်ထဲမှာ တစိတ်တဒေသအဖြစ်လည်း ပါဝင်နိုင်ပါမယ်။

ကျမ်းစာထဲကဘုရားဟာ သူနဲ့မခြားမလပ်ဆက်သွယ်ခြင်းအားဖြင့် သူ့အလိုတော်ကို ပြည့်စေပြီး တဘဝတာပတ်လုံး ကျနော်တို့အတွက် ကောင်းကျိုးတွေရရှိဖို့ရာ ကျနော်တို့ခြေလှမ်းတွေကို လမ်းညွှန်ပေးနိုင်ပါတယ်။ “သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” ၃၀ ဒါဟာ သင့်ဘဝတစ်ခုလုံး ပြီးပြည့်စုံစွာ ဖြောင့်ဖြူးသာယာနေမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နာမကျန်းမှုတွေ၊ ဘဝရဲ့ပြဿနာတွေနဲ့ ရှုံးနိမ့်မှုတွေ ရှိနေပါသေးတယ်။ ဘဝဟာ အရာရာပြီးပြည့်စုံလာမယ် မဟုတ်ပါဘူး၊ သို့သော် ဘဝအဓိပ္ပာယ် ပိုမိုမြှင့်တက်လာမယ် ဖြစ်ပါတယ်။ ဘုရားသခင်အား သိကျွမ်းခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ “.. ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း” ၃၁ တို့ ဖြစ်တယ်လို့ သူကဆိုပါတယ်။

၇။ စစ်မှန်သောကျေနပ်မှုကို ပေးစွမ်းသောဘုရား

ဘုရားကိုတောင်းတခြင်း - ကျနော်တို့အများစုဟာ ဘဝမှာ ကျေနပ်မှုကို အချစ်နဲ့ အသိအမှတ်ပြုခြင်းမှာ ရှာဖွေတတ်ကြပါတယ်။ ကျနော်တို့အထဲမှာ ဖြည့်ဆည်းပေးဖို့လိုအပ်တဲ့ ဆာငတ်မှုတစ်ခုရှိပါတယ်။ သို့သော် - ကျနော်တို့ကြိုးစားလင့်ကစား - အဲဒီဆာငတ်မှုကို ငွေကြေး၊ ပိုင်ဆိုင်မှုများ၊ ချစ်မှုရေးရာ၊ ဒါမှမဟုတ် ပျော်ရွှင်စရာ စတဲ့အရာများကပင် မငြိမ်းသတ်နိုင် ပါဘူး။ ဒါကြောင့် အဲဒီ “ဆာငတ်မှု” ကို ဖြေဖျောက်ပေးမယ့်ဘုရားရှိခဲ့တယ်ဆိုရင် မကောင်းဘူးလား? သူပါရှိခြင်းအားဖြင့် ဘဝမှာ အမြဲတစေ ကျေနပ်မှုကို ဆောင်ကျဉ်းပေးမယ့်ဘုရားပေါ့။

သမ္မာကျမ်းစာကဖော်ပြတဲ့ဘုရားဟာ ကျေနပ်မှုအမြင့်မားဆုံး ဖြည့်ဆည်းပေးနိုင်တဲ့ဘဝကို အမှန်တကယ်ဖြစ်စေပါတယ်။ ယေရှုက “ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာ လာသတည်း။” ၃၂ လို့ ပြောပါတယ်။ သူက “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။” ၃၃ ဒါ့ကြောင့် သမ္မာကျမ်းစာထဲကဘုရားသခင်က ဘယ်အရာကမှ မဖြည့်ဆည်းပေးနိုင်တဲ့ ကျနော်တို့နှလုံးသားထဲက တောင်းတမှုကို ကျေနပ်ဖြည့်ဆည်းပေးဖို့ ကတိတော်ပေးထားပါတယ်။

စံဖြစ်သောဘုရားကိုတောင်းတခြင်း

သမ္မာကျမ်းစာတော်အရ၊ စစ်မှန်သောဘုရား၊ အရာခပ်သိမ်းရဲ့ဖန်ဆင်းရှင်ဘုရား တစ်ပါးသာလျှင်ရှိပါတယ်။ အဲဒီဘုရားဟာ ကျနော်တို့ စံထားတောင်းတတဲ့ဘုရားပါ။ ဒီ့ပြင်ဘုရားကို တောင်းတစရာမလိုတော့ပါဘူး။ ဘာကြောင့်တောင်းတနေစရာ လိုဦးမလဲ? ဘာလို့လဲဆိုရင် ကျနော်တို့စံပြုတဲ့ စစ်မှန်တဲ့ဘုရားဟာ ထိုဘုရားဖြစ်နေလို့ပါပဲ။

ဒီဆောင်းပါးက သမ္မာကျမ်းစာဖော်ပြတဲ့ဘုရားဟာ ဘယ်လိုလဲဆိုတာကို အပေါ်ယံကြောလောက်ပဲ ဖော်ပြထားတာပါ။ ထပ်မံလေ့လာလိုတဲ့ ဆန္ဒရှိရင် “ရှင်ယောဟန်ခရစ်ဝင်ကျမ်း” လို့ခေါ်တဲ့ သမ္မာကျမ်းစာကို သင်ဖတ်နိုင်ပါတယ်။ သင်သာ ဝန်ခံရဲပြီး သမ္မာကျမ်းစာဖော်ပြတဲ့ဘုရားဟာ စစ်မှန်ခဲ့တယ်ဆိုရင် သင့်ကိုသူကိုယ်တိုင် ဖွင့်ပြလိမ့်မယ်ဆိုတာ ဖြစ်နိုင်မယ် မဟုတ်ဘူးလား? သူက “ငါ့ကိုချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ရှာသောသူတို့သည် တွေ့တတ်ကြ၏။” ၃၄ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။” ၃၅

“စစ်မှန်သောဘုရားဟာ ဖြစ်နိုင်ချေအရှိဆုံးဘုရားပါပဲ”

ထိုစံဖြစ်သောဘုရားကို ဘယ်လိုသိနိုင်မလဲလို့ သင်စဉ်းစားနေပါသလား? အခြေခံအားဖြင့် ဘုရားနဲ့ဆက်သွယ်မှု စတင်တာဟာ အိမ်ထောင်မှုတစ်ခုစတင်တာနဲ့ များစွာတူညီပါတယ်။ ထိုဆက်သွယ်ချက်ထဲဝင်ရောက်ဖို့ ကိုယ်တိုင်လိုလားစွာ ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။ သူ့ကို “အကျွန်ုပ်လိုလားတောင်းတပါ၏” လို့ ရိုးသားစွာဝန်ခံပြောပြဖို့သာဖြစ်ပါတယ်။

ယေရှုခရစ်တော်ဟာ ကျနော်တို့အပြစ်အတွက် အသေခံခဲ့တယ်၊ သုံးရက်မြောက်သောနေ့မှာ သေခြင်းက ရှင်ပြန်ထမြောက်ခဲ့တယ်၊ ပြီးတော့ ယနေ့သက်ဝင်လှုပ်ရှားနေပါတယ်။ ကျနော်တို့ရဲ့အပြစ်ခွင့်လွှတ်ခြင်းအတွက် သူ့ကိုယုံကြည်တယ်ဆိုရင် အသက်တာသစ်ကို ကျနော်တို့အား ယခုပေးနေပါတယ် - “သားတော်ကိုကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှာ၎င်း အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်” ၃၆ လို့ မိန့်ဆိုခဲ့ပါတယ်။

ဘုရားဟာ လူသားတွေကို မျက်နှာလိုက်တဲ့သူ မဟုတ်ပါဘူး။ လူတွေအားလုံးဟာ သူ့ရဲ့ပုံသဏ္ဌာန်တော်အားဖြင့် ဖန်ဆင်းထားတာပါ။ ဒါကြောင့် သူ့ရဲ့ ထာဝရမိသားစုဝင်များကို “.. အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွှယ် ခပ်သိမ်းတို့အထဲမှထွက်၍၊ အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်းတို့..” ၃၇ ဆိုပြီး ဖော်ပြထားပါတယ်။ သင့်ဘဝရဲ့ ဘယ်အပြစ်တရားကမျှ သူနဲ့ဆက်သွယ်မှုပြုခြင်းကနေ ထိန်းချုပ်မထားနိုင်ပါဘူး။ သူဟာ အပြစ်ကိစ္စကို ယေရှုအသေခံခဲ့တဲ့ လက်ဝါးကားတိုင်ပေါ်မှာ ဖြေရှင်းခဲ့ပြီးပါပြီ။ ကဲ-ခုတော့ သင့်ကိုယ်စား ယေရှုအသေခံခြင်းအပေါ် သင့်ယုံကြည်မှုကို တည်ထားဖို့သာ အဓိကပါပဲ။ အတိတ်မှာ သင်ဘာအပြစ်တွေပဲလုပ်ခဲ့ပါစေပါ။

ဘုရားနဲ့ဆက်သွယ်မှုကို စတင်လိုက်ပြီဆိုတာနဲ့ အဲဒီဆက်သွယ်မှုဟာ ထာဝရအတွက် ဖြစ်သွားပါပြီ။ ပြီးတော့ ယခုလက်ရှိဘဝမှာကို အချိန်နဲ့အမျှ ရှင်သန်ကြီးထွားလာမယ့် သက်ဝင်လှုပ်ရှား၊ အရေးပါတဲ့ ဆက်သွယ်မှုလည်း ဖြစ်ပါတယ်။ အခြားသော ဆက်ဆံရေးတွေလိုပဲ အဲဒီဆက်ဆံရေးမှာ အနိမ့်အမြင့်၊ အကျအတက်၊ ပျော်ရွှင်မှုနဲ့နာကျင်မှုတွေဆိုတာ ရှိပါတယ်။ ဒါပေမယ့် (သူ့ကိုသိစေလိုတဲ့) ရည်ရွယ်ချက်တစ်ခုနဲ့ သင့်ကိုဖန်ဆင်းခဲ့တဲ့ ထိုဘုရားနဲ့ကျွမ်းဝင်ဆက်သွယ်မှုထဲကို သင်ရောက်ရှိသွားပြီဖြစ်ပါတယ်။

ဘုရားသခင် သင့်နှလုံးသားကို တို့ထိနေတယ်လို့ ခံစားရပါသလား? ယေရှုက “ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်..မည်။” ၃၈ လို့ ဆိုခဲ့ပါတယ်။ ဘုရားသခင်ကို ယခုပင် ခေါ်ဖိတ်လိုတယ်ဆိုရင် သင့်ကိုနည်းပေးဖို့ ဆုတောင်းအကြံပြုချက်တစ်ခု ပေးထားပါတယ် (အရေးကြီးတာက စာသားအတိုင်း အတိအကျမဟုတ်ဘဲ သင့်နှလုံးသားထဲက အရင်းခံအတိုင်း ဆုတောင်းဖို့သာဖြစ်ပါတယ်) – “အို-ဘုရားသခင်၊ ကျွန်တော်မျိုးဟာ အပြစ်သားတစ်ယောက်ဆိုတာ ဝန်ခံပါတယ်။ လက်ဝါးကားတိုင်ပေါ်မှာ ယေရှုခရစ်တော်အဖြစ် ကျွန်ုပ်အပြစ်အားလုံးကို ကိုယ်တော့်အပေါ် ယူတင်ထမ်းဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယနေ့မှစ၍ အကျွန်ုပ်၏ ဘုရားအဖြစ်၊ ပြီးတော့ ကိုယ်တော်ဖြစ်စေလိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာစေဖို့ ကိုယ်တော့်ကို ကယ်တင်ရှင်နဲ့သခင်အဖြစ် အသက်တာထဲကို ဖိတ်ခေါ်အပ်ပါတယ်။”

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ပြီးပါပြီ (အခြားအထောက်အကူပြုအချက်အလက်များ လိုက်လာရန်)

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ကောင်းဖိတ်ခေါ်လိုမှာဖြစ်ပါတယ်။ ကျေးဇူးပြု၍ ဒီအရာကို ပိုမိုပြည့်စုံစွာရှင်းပြပေးပါ။

မေးစရာတစ်ခုရှိပါတယ်...

(၁) ဟေရှာယအနာဂတ္တိကျမ်း ၄၅း၁၂
(၂) ဟေရှာယအနာဂတ္တိကျမ်း ၄၆း၉
(၃) ဗျာဒိတ်ကျမ်း ၁း၈
(၄) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၇း၃
(၅) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၁၊၁၄
(၆) ဟေဗြဲသြဝါဒစာ ၁း၃
(၇) ကောလောသဲသြဝါဒစာ ၁း၁၅
(၈) ဟေရှာယအနာဂတ္တိကျမ်း ၉း၆
(၉) ဖိလိပ္ပိသြဝါဒစာ ၂း၇၊၈
(၁ဝ) ကောလောသဲသြဝါဒစာ ၂း၉
(၁၁) ကောလောသဲသြဝါဒစာ ၁း၁၆
(၁၂) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၉
(၁၃) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၂း၎၊၅
(၁၄) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁ဝး၃ဝ
(၁၅) ဟေဗြဲသြဝါဒစာ ၄း၁၅
(၁၆) ရှင်ယောဟန်သြဝါဒစာ ပ-စောင် ၄း၈၊ ၁၆
(၁၇) ရှင်ယောဟန်သြဝါဒစာ ပ-စောင် ၄း၉-၁ဝ
(၁၈) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃း၁၆
(၁၉) ရှင်ယောဟန်သြဝါဒစာ ပ-စောင် ၁း၅
(၂ဝ) ကောရိန်သုသြဝါဒစာ ဒု-စောင် ၅း၂၁
(၂၁) ဟေရှာယအနာဂတ္တိကျမ်း ၅၃း၆
(၂၂) ယေရမိမြည်တမ်းစကား ၃း၃၇
(၂၃) ဟေရှာယအနာဂတ္တိကျမ်း ၄၆း၁ဝ
(၂၄) ဆာလံကျမ်း ၃၃း၁၁
(၂၅) သုတ္တံကျမ်း ၁၉း၂၁
(၂၆) ရှင်မဿဲခရစ်ဝင်ကျမ်း ၆း၁ဝ
(၂၇) ဟေရှာယအနာဂတ္တိကျမ်း ၂၃း၂ဝ
(၂၈) ဗျာဒိတ်ကျမ်း ၂၁း၃-၅
(၂၉) ဧဖက်သြဝါဒစာ ၂း၁ဝ
(၃ဝ) သုတ္တံကျမ်း ၃း၆
(၃၁) ဂလာတိသြဝါဒစာ ၅း၂၂-၂၃
(၃၂) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁ဝး၁ဝ
(၃၃) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆း၃၅
(၃၄) သုတ္တံကျမ်း ၈း၁၇
(၃၅) ရှင်မဿဲခရစ်ဝင်ကျမ်း ၇း၇
(၃၆) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆း၎ဝ
(၃၇) ဗျာဒိတ်ကျမ်း ၇း၉
(၃၈) ဗျာဒိတ်ကျမ်း ၃း၂ဝ

ဆောင်းပါးကိုဝေမျှရန်