ဝံပုလွေများနှင့် အချစ်ဇာတ်လမ်း

ယောက်ျားလေးတစ်ဦးက ချိန်းတွေ့မှုနဲ့ပတ်သက်လို့ ရိုးသားပွင့်လင်းတဲ့အကြံဉာဏ် ပေးထားပါတယ်။ လိင်နဲ့ ချိန်းတွေ့မှုအကြောင်း သူ ဘာလေ့လာတွေ့ရှိခဲ့သလဲ ဖတ်ရှုပါ။

အမည်မသိသူမှ

ချိန်းတွေ့မှုဆိုင်ရာအကြံဉာဏ် - စကားပုံတစ်ခုကဒီလိုပြောတယ်၊ “အကောင်းဆုံးအကြံက တခြားသူများရဲ့မိုက်မဲမှုကို အမြတ်ထုတ်ဖို့ပဲ” တဲ့။ အဲဒါဟာ ဒီဆောင်းပါးက ပြောချင်တဲ့အရာပဲ။ မိန်းကလေးတွေအကြောင်းနဲ့ ချစ်မှုရေးရာတွေနဲ့ပတ်သက်လို့ ကျနော် -- သင်ခန်းစာယူဖွယ် အတွေ့အကြုံကနေ -- လေ့လာခဲ့တဲ့ အရာတချို့ကို ပြန်လည်ဝေငှချင်ပါတယ်။ အထူးသဖြင့် ဖိုမလိင်ဆက်ဆံဖို့အတွက် လက်ထပ်တဲ့အချိန်အထိ ဘာကြောင့် ယခု ကျနော် စောင့်ဆိုင်းနေပါသလဲ ဆိုတဲ့အကြောင်းရင်း (၁ဝ) ချက်ကို ရေးချထားပါတယ်။

အကြောင်းရင်း (၁) - လိင်ဆက်ဆံခြင်းဟာ ထင်ရသလောက် ကျေနပ်စရာမကောင်းဘူးဆိုတာ သိပါပြီ။

ကျနော်ကောလိပ်တက်တုန်းက “အချစ်နာကျခြင်း” လို့ ကျနော်ခေါ်တဲ့ အတွေ့အကြုံတစ်ခုရှိခဲ့တာ အမှတ်ရပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ အိပ်ပြီးနောက်နေ့မနက်တိုင်း အလိုမပြည့်မှု အမြဲခံစားရတယ်။ အဲဒါ တီဗီပေါ်မှာ (သို့) ဇာတ်ကားတွေမှာ တွေ့ရမယ့်အရာတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါများစွာဖြစ်လေ့ရှိတယ်။ ပြီးသွားရင် ဟာတာတာဖြစ်တာ၊ နောင်တရတာမျိုးတောင် ဖြစ်တတ်ပါတယ်။

အဲဒီ “အချစ်နာခြင်း” ဟာ ကျနော့်အတွက် ထူးဆန်းတဲ့အတွေ့အကြုံ ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုရင် ကျနော်ကောလိပ်နေတုန်းက လိင်က ကျနော့်အတွက် “ဘုရား” လိုပဲ။ ပုရိသယောက်ျားတစ်ယောက်အနေနဲ့ မနက်၊ နေ့လည်၊ ညတွေမှာ စိတ်ကူးနေတတ်တာ အဲဒီကိစ္စပဲ။ ဒါကြောင့် လိင်ဆက်ဆံခြင်းဟာ ကျေနပ်စရာအတိဖြစ်မယ်လို့ တွေးထင်မိမှာပဲ -- ကျနော့်အတွက်တော့ မိမိကိုးကွယ်ရာရဲ့အောင်ပွဲခံဖွယ် အောင်မြင်မှုပဲထင်ခဲ့တာပေါ့။ ဒါပေမယ့် ပြီးပြီဆိုပြန်လည်း ကျေနပ်မှုပျောက်ဆုံးနေမြဲပါ။

သင်လည်း အဲဒီလိုပဲကြုံတွေ့နေရပါသလား? “အချစ်နာ” ကော ကျဖူးပါသလား? ကျဖူးတယ်ဆိုရင် ရပ်လိုက်ပြီး “ဘာဖြစ်လို့လဲ? လိင်ဆက်ဆံခြင်းဟာ ကိုယ့်အတွက် အရမ်းအရေးကြီးတယ်ဆိုရင် ဘာဖြစ်လို့များ ဟာတာတာခံစားမှုပဲ ခံစားနေရသလဲ?” ဆိုတာ စဉ်းစားသင့်ပါပြီ။

ဒီခံစားမှုကို ကျနော်နားမလည်နိုင်ဖြစ်ခဲ့တာ သတိရပါတယ်။ အဲဒီတော့ “ငါ (လိင်) ထပ်လိုသေးတယ်။ အဲဒါကြောင့်ပဲ” လို့ သုံးသပ်မိပြန်တယ်။ (ကိုယ်တို့မျှော်လင့်တဲ့အရာက ကျေနပ်မှုပေးမယ်လို့ ကျနော်တို့ထင်တတ်ကြပါတယ်၊ ဒါပေမယ့် မပေးဘူး။ ဥပမာ၊ ကျနော်တို့ အရမ်းလိုချင်တဲ့ကားကို ရပါပြီတဲ့၊ ခဏနေပြီးရင် အဲဒီကားက “သာမန်” လောက်ပဲ ဖြစ်သွားပြန်တယ်။ ကားတစ်စီးက ကျနော်တို့ကို အမှန်တကယ် ကျေနပ်မှုမပေးနိုင်ဘူးဆိုတာ သဘောပေါက်ရမယ့်အစား၊ ကျနော်တို့က “ငါတကယ်လိုချင်တာ ဒီကားမဟုတ်ဘူးနေမှာပါ။ တခြားနောက်တစ်စီးဆို ကြာရှည်ကျေနပ်မှုရမယ် ထင်ပါတယ်” လို့ အတွေးမှားတတ်ပါတယ်။)

ဒါပေမယ့် အလိုမပြည့်တာက အလိုမပြည့်တာပါပဲ။ ဆိုတော့ နောက်ဆုံးမှာ လက်မထပ်ခင်လိင်ဆက်ဆံခြင်းဟာ ကိုယ်ထင်သလောက် ကျေနပ်စရာမကောင်းဘူးဆိုတဲ့ ကောက်ချက်ချခဲ့ပါတယ်။ လိင်ဟာ အလွန်အမင်း အမွှမ်းတင်ထားတာပါ။ ဗီဒီယိုတွေမှာ သရုပ်ဆောင်ပြသလို မဟုတ်ပါဘူး။ အဲလိုသာဖြစ်ခဲ့တယ်ဆို ကျေနပ်စရာအတိ ဖြစ်မှာပါပဲ။ “အလိုမပြည့်မှု” ဆိုတာ ရှိမှာမဟုတ်ပါဘူး။

အကြောင်းရင်း (၂) - အမျိုးသမီးတွေအပေါ် ပိုမိုပြီး ဂုဏ်သိက္ခာရှိချင်ပါပြီ။

မိန်းကလေးတွေဟာ လိင်နဲ့ပတ်သက်လာရင် ဘာတွေဖြစ်နေလဲဆိုတာ အပြည့်အဝ နားမလည်ကြဘူးဆိုတာ ကျနော်တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ဒါတွေနဲ့ပတ်သက်ပြီး သူတို့အမြင်ဟာ ယောက်ျားတစ်ယောက်ရဲ့အမြင်နဲ့ လုံးဝမတူပါဘူး။ မိန်းကလေးတွေဟာ လိင်ဆက်ဆံမှု တကယ်မပြုလိုရင်တောင် “သူ့ကိုချစ်လို့ပဲလေ” လို့ လိင်မှုကိုသဘောထားကြတာပါ။ ဘာကြောင့်အဲလိုဖြစ်နေတာလဲ? လူတွေက “မိန်းကလေးတွေဟာ အချစ်ကိုရဖို့ လိင်ကိုအသုံးပြုကြတယ်၊ ယောက်ျားလေးတွေကျတော့ လိင်ကိုရဖို့ အချစ်ကိုအသုံးပြုကြတယ်” လို့ ပြောကြပါတယ်။

ဒါကဒီလိုဖြစ်ပါတယ် - မိန်းကလေးက တစ်နေ့မှာ ဒီလူနဲ့လက်ထပ်ရမယ်လို့ စဉ်းစားမြင်ယောင်ပါတယ်။ ယောက်ျားလေးကတော့ သူငယ်ချင်းတွေကို ပြန်ပြောပြဖို့ ဒီကောင်မလေးကို သူလုပ်ချင်တာအားလုံးလုပ်ရမယ်လို့ စဉ်းစားမြင်ယောင်ပါတယ်။ နောက်ပြီး သူမစိတ်ထဲက ဒီလိုလုပ်တာမှန်မယ်လို့ ပြောနေတဲ့အချိန်မှာ သူ့ရဲ့စိတ်ထဲကတော့ မမှန်ကန်ဘူးလို့ ပြောနေပေမယ့် လုပ်ဖြစ်အောင် လုပ်သွားတာပါ။ ဘာကြောင့်လဲ? အသွေးအသားသာယာမှုအတွက်ဆိုတာ သံသယရှိစရာမလိုဘူး၊ နောက်ပြီး တခြားအကြောင်းရင်း ကျနော်ထင်တာက- ဒီလိုလုပ်တာ ယောက်ျားဆန်တယ်လို့ ထင်စေတဲ့အတွက်ပါပဲ။ ဒါပေမယ့် လုံးဝမမှန်ကန်တဲ့အချက်ကတော့- မိန်းမတစ်ယောက်ကို လှည့်စားတာ ဘာယောက်ျားဆန်တော့မလဲ?

ကျနော်တွေ့ရှိတဲ့အရာတစ်ခုက- သင်အမျိုးသမီးတစ်ဦးကိုလေးစားရင် သင့်ကိုယ်သင်လေးစားနေတာပါပဲ။ ဘာကြောင့်လဲ? တစ်နေ့မှာ နောင်တရမှာဖြစ်လို့ပါ၊ ပြီးတော့ အဲဒီနောင်တဟာ ကိုယ်ရတဲ့သာယာမှုထက် အများကြီးပိုကြာမှာဖြစ်ပါတယ်။ Roy Roy ဆိုတဲ့ ဇာတ်ကားထဲမှာ အဓိကဇာတ်ကောင်ပြောတာက “လေးစားမှုဆိုတာ ယောက်ျားတစ်ယောက်က သူ့ကိုယ်သူပေးတဲ့ လက်ဆောင်တစ်ခုပါ” တဲ့။ ကိုယ့်စိတ်ထဲမှာကောင်းတယ်လို့ သိတဲ့အရာ (ဆိုလိုတာ၊ သူမအတွက် အကောင်းဆုံးအကျိုးအမြတ်) ကို ပြုလုပ်ခြင်းအားဖြင့် အမျိုးသမီးတစ်ယောက်ကို တန်ဖိုးထားတဲ့အခါ သင့်ကိုယ်သင် တန်ဖိုးထားခြင်းဖြစ်ပြီး၊ အနာဂတ်မှာ နောင်တရစရာ ရှိမှာမဟုတ်ဘူးဆိုတဲ့ အာမခံချက်ဖြစ်ပါတယ်။

အကြောင်းရင်း (၃) - သူမဟာ တခြားလူတစ်ယောက်ယောက်ရဲ့ဇနီးမယားဖြစ်တယ်။

ကျနော်ဆိုလိုချင်တာက- ကျနော်နဲ့အတူနေဖူးခဲ့တဲ့ မိန်းကလေးအများစုဟာ အခု တခြားယောက်ျားများနဲ့ အိမ်ထောင်ပြုကြပါပြီ။ ကျနော် အဲဒီလူတွေရဲ့နေရာမှာ အစားထိုးဝင်ကြည့်တဲ့အခါ ကျနော်လုပ်ခဲ့တာတွေကို မလုပ်ခဲ့ရင်ကောင်းမှာလို့ နောင်တရမိပါတယ်။ အမှန်ပြောရရင် အဲဒီအတွက် ကိုယ့်မျက်နှာကိုယ် လက်သီးနဲ့ ပြန်တောင်ထိုးချင်တာပါ။

ပြီးတော့ ကျနော်လက်ထပ်တဲ့အခါ တခြားတစ်ယောက်ယောက်က ကျနော့်မိန်းမနဲ့ အိပ်ခဲ့ပြီးသားဖြစ်နေမယ့် အနေအထားမျိုးကို ကျနော်လုံးဝကြိုက်လိမ့်မယ်မဟုတ်ဘူးဆိုတာ ပြောစရာတောင်မလိုဘူးထင်ပါတယ်။ သင်ကော? သင့်မိန်းမက တခြားတစ်ယောက်ယောက်နဲ့ နေခဲ့မယ်ဆိုတဲ့အတွေးမျိုး ကြိုက်မှာလား? သင်အခု ရည်းစားရှိနေပြီး ဒီလိုခံစားတယ်ဆိုရင် တစ်နေ့ သင့်မိန်းမ အဲလိုဖြစ်နေတယ်ဆိုတဲ့ ခံစားမှုမျိုးက ဘယ်လောက်ထိ ပြင်းထန်လိမ့်မလဲဆိုတာ စဉ်းစားကြည့်ပါ။

နောက်ထပ်တစ်ဆင့်တက်ပြီးတောင် စဉ်းစားကြည့်နိုင်ပါတယ်။ အဲဒီကောင်မလေးက တစ်ယောက်ယောက်ရဲ့သမီးပါ။ ကဲ- သူမသာ ကိုယ့်သမီးဖြစ်နေမယ်ဆိုရင်ကော ဘယ်လိုလဲ? ဒါမှမဟုတ် သူမက ငါ့ညီမသာဖြစ်ခဲ့မယ်ဆိုရင်ကော? ကိုယ့်လိုပဲ တခြားတစ်ယောက်က သူမကို အခွင့်အရေးယူနေတယ်ဆိုရင် ကိုယ်ခံနိုင်ပါ့မလား? အခုကျနော် မိန်းမသားတွေကို မတူတော့တဲ့အမြင်မျိုးနဲ့ ကြည့်မြင်တတ်ပါပြီ။ သူတို့ဟာ တစုံတယောက်ရဲ့ အနာဂတ်ဇနီးမယား၊ တစုံတယောက်ရဲ့သမီး (သို့) ညီမတွေပါ။

အကြောင်းရင်း (၄) - လိင်မှုက ကျနော့်ရဲ့အကောင်းဆုံးချစ်ရေးတွေကို ဖျက်ဆီးပစ်ခဲ့တယ်။

လိင်မှုကိစ္စဟာ ကျနော်တို့အချစ်ရေးမှာ ဗဟိုအချက်ချာဖြစ်လာခဲ့တယ်။ သူမကို တခြားကဏ္ဍနဲ့ သိချင်စိတ်တွေ မရှိတော့ဘူး။ အဲဒီအခါမှာ တစ်ဦးနဲ့တစ်ဦး ပိုမိုနီးကပ်လာမယ့်အစား တကယ်တမ်းက စတင်ပြီးဝေးကွာသွားကြတာပါ။ ဒါကြောင့် “လိင်မှုက ကျနော်ရဲ့ အကောင်းဆုံးအချစ်ရေးကို ဖျက်ဆီးပစ်ခဲ့တယ်” လို့ ပြောတာပါ။ လူတွေဟာ မတူညီတဲ့ ကဏ္ဍများစွာမှာ ဆက်သွယ်နိုင်တယ် -- ခံစားမှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးဆိုင်ရာတွေမှာပေါ့။ ဒါပေမယ့် ကျနော်ကောင်မလေးနဲ့ကျနော်တို့ ပိုမိုပြီး ရုပ်ပိုင်းဆိုင်ရာမှာ စတင်ဆက်သွယ်လာတဲ့အမျှ အဲဒါက ကျနော်တို့ချစ်ရေးရဲ့ တခြားကဏ္ဍတွေမှာ ဖြတ်လမ်းလိုက်စေပါတော့တယ်။ ရလာဒ်ကတော့ ကျနော်တို့ရဲ့အချစ်ရေးဟာ လုံးဝကျဆင်းသွားခဲ့ပါတယ်။ ကျနော်တို့ (ကျနော်) သာ စောင့်ထိန်းခဲ့ရင် ဒီနေ့ထက်ထိ ချစ်သူတွေဖြစ်နေကြဦးမှာပါ။

မရေတွက်နိုင်တဲ့အချစ်ဇာတ်လမ်းတွေမှာ ဒီလိုဖြစ်ပျက်ခဲ့တာ ကျနော်တွေ့မြင်ခဲ့ပါတယ်။ ကျနော့်ရဲ့ တခြားအချစ်ရေးတွေမှာသာမက တခြားလူမြောက်များစွာရဲ့ အချစ်ရေးတွေမှာရောပါ။ အဲဒီအတွက် အကြောင်းရင်းတစ်ခုရှိတယ်လို့ ကျနော်ယူဆပါတယ်။ ဒါကိုအခု ထပ်ပြီးရှင်းပြပါ့မယ်။

အကြောင်းရင်း (၅) - လက်မထပ်မှီလိင်ဆက်ဆံခြင်းက အချစ်ရေးရဲ့ တခြားကဏ္ဍတွေကို ဖျက်ဆီးပစ်ပါတယ်။

ကျနော့်အနေနဲ့ မိန်းကလေးတစ်ယောက်နဲ့ တစ်ခါလိင်ဆက်ဆံတိုင်း အရာနှစ်ခုဖြစ်ပျက်ခဲ့တယ်။ ကျနော်ပြန်စဉ်းစားကြည့်ရင် အဲဒီတုန်းက ဒီအပြောင်းအလဲတွေကို မမြင်တွေ့နိုင်ခဲ့ပေမယ့် တကယ်ပဲ လိင်ဆက်ဆံတဲ့အကြိမ်တိုင်းမှာ ဖြစ်တာပါ။ အဲဒီအရာနှစ်ခုကတော့- (၁) မိန်းကလေးအပေါ် ကျနော် တန်ဖိုးထားမှု (မဆုံးရှုံးလိုပေမယ့်) ဆုံးရှုံးသွားတယ်၊ (၂) သူမက ကျနော့်အပေါ် (မဆုံးရှုံးစေလိုပေမယ့်) ယုံကြည်မှုတွေဆုံးရှုံးသွားတယ်။

ဘာကြောင့်အဲလိုဖြစ်ရသလဲ ကျနော်မသိပေမယ့် ဖြစ်သွားပြီဆိုတာပဲ သိရတယ်။ “စနစ်” ထဲမှာ အဲဒီလိုပဲ ထည့်သွင်းစီမံထားတာ ဖြစ်နိုင်ပါတယ်။ သေချာတာတစ်ခုကတော့ ကျနော်တစ်ယောက်ထဲမဟုတ်ဘူး။ ဒီဟာ ထပ်ထပ်ပြီး ဖြစ်ပျက်နေတာ တွေ့ခဲ့ပါတယ်။ လူများစွာဟာ အိမ်ထောင်ရေးပြဿနာတွေ ရှိနေကြတာ ကျနော်သိတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အိမ်ထောင်မပြုမှီ လိင်မှုပြုခဲ့ကြလို့ပါပဲ။ သူတို့ဟာ အိမ်ထောင်ရေးတိုင်းရဲ့ ကျန်းမာရေးဖြစ်တဲ့ တကယ့်လိုအပ်ချက်နှစ်ခုဖြစ်တဲ့ တန်ဖိုးထားမှုနဲ့ ယုံကြည်မှု လျော့နည်းပြီး အိမ်ထောင်ပြုခဲ့ကြတယ်လေ။

ဒီအကြောင်းရင်းကြောင့် တစ်လတစ်ကြိမ်ထက်နည်းပြီး သံဝါသပြုတဲ့ ဇနီးမောင်နှံအသစ်စက်စက်စုံတွဲတစ်တွဲ ကျနော်သိပါတယ် -- သူဟာသူမကို တန်ဖိုးမထားတော့ဘူး၊ ဒါကိုသူမလည်းသိပြီး သူ့ကိုမယုံကြည်တော့ဘူး၊ ဒါကြောင့်ပဲ သူ့အပေါ်မပုံအပ်ချင်တော့ဘူး။ ဒါဟာ အင်မတန်ဝမ်းနည်းစရာကောင်းပြီး သင်ထင်ထားတာထက် ပိုအဖြစ်များပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေကို လူလယ်ပုံမှာ ဘယ်သူမှမပြောကြဘူး။ ပြီးတော့ လက်မထပ်ခင်လိင်ဆက်ဆံတဲ့စုံတွဲတွေပါတဲ့ ဗီဒီယိုဇာတ်လမ်းနဲ့ တီဗီတွေကလည်း ဒီကိစ္စကို လုံးဝ မတင်ဆက်ကြဘူး။ ဒါကြောင့် ဒီလိုကိစ္စတွေ တကယ်ဖြစ်ပျက်နေတဲ့အကြောင်း ဘယ်သူမှ အသိအမှတ်မပြုလိုတဲ့ပုံစံ ပေါက်နေတယ်။

အကြောင်းရင်း (၆) - ကိုယ့်ဇနီးမယားနဲ့ပဲလိင်ဆက်ဆံဖို့ စောင့်ဆိုင်းနေရခြင်းဟာ အိမ်ထောင်ရေးမှာ ပိုကောင်းတဲ့လိင်ဆက်ဆံမှု ရရှိဖို့ဖြစ်တယ်။

ဘာကြောင့်လဲ? ဘာကြောင့်လဲဆိုတော့ ကိုယ်ကသူမအပေါ် လေးစားမှုပိုရှိပြီးတော့ သူမကကိုယ့်အပေါ်ယုံကြည်မှုပိုရှိတဲ့ အိမ်ထောင်ရေးထဲ ဝင်ရောက်နိုင်ဖို့ ဖြစ်ပါတယ်။ ကျနော်လေ့လာခဲ့တဲ့အရာတစ်ခုက - မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ယုံကြည်မှုမရှိတော့ဘူးဆိုရင် သူ့မကိုယ်သူမ အပြည့်အဝအပ်နှံလိုစိတ် မရှိတော့ဘူး။ အတွင်းစိတ်ထဲမှာ သူနဲ့နေရတာကို အမှန်မပျော်ပိုက်တော့ပါဘူး။

ဒီလိုရှိပါတယ်။ “မိန်းကလေးတွေက အချစ်ကိုရဖို့ လိင်ကိုအသုံးချပြီး ယောက်ျားလေးတွေက လိင်ကိုရဖို့ အချစ်ကိုအသုံးချတယ်” ဆိုကတည်းက ဒီနှစ်ယောက်ဟာ လက်မထပ်ခင် လိင်ဆက်ဆံကြမယ်။ ကောင်မလေးက အချစ်ရေးကိုထိန်းထားဖို့ အဲဒီလိုလုပ်တယ်။ ကောင်လေးက အချစ်ရေးထက် လိင်ဆက်ဆံမှုကို ပိုလိုချင်လို့ အဲဒီလိုလုပ်တာဖြစ်တယ်။ ဒီလိုနဲ့ လက်ထပ်ပြီးတဲ့အခါ မိန်းကလေးက သူလိုချင်တာ - ယောက်ျားလေးဆီက အာမခံချက် - ကို ရပြီးပြီလေ။ ဒီတော့ သူ့ကိုရဖို့ လိင်ကိုအသုံးချဖို့ မလိုတော့ဘူးပေါ့။ ပြီးတော့လည်း သူတို့လက်မထပ်ခင်က သူနဲ့လိင်ဆက်ဆံခဲ့ကြရတဲ့အတွက် ဒါကိုမကျေနပ်စိတ် ကိန်းအောင်းနေမှာ ဖြစ်တဲ့အတွက် အခုတော့ လိင်ဆက်ဆံခြင်းမှာ စိတ်ဝင်စားမှု မရှိတော့ပါဘူး။ တစ်ဖက်က လက်မထပ်ခင် သူမနဲ့လိင်ဆက်ဆံခဲ့တဲ့အတွက် ကိုယ့်ဇနီးကို တန်ဖိုးမထားတော့တဲ့ ယောက်ျားလေးကတော့ လိင်ဆက်ဆံမှုကို လိုချင်နေတုန်းပါ၊ ဒါပေမယ့် ကိုယ့်ဇနီးနဲ့ လုံးဝသံယောဇဉ်ခိုင်မြဲတဲ့ တွေ့ကြုံမှုမျိုးတော့ မဟုတ်တော့ပါဘူး။ မိန်းမက ဒါဟာ လိင်ဆက်ဆံမှုသက်သက်ပဲလို့ ခံယူလိုက်ပြီ။ ဒီအတွက်ကြောင့် ဒီအိမ်ထောင်ရေးမှာ မသာယာတဲ့လိင်မှုဘဝ ရှိလာပါပြီ။

ကျနော်ဒီကိစ္စကို လံကြုတ်လုပ်နေတာမဟုတ်ပါဘူး။ အခု ကျနော်ကောလိပ်ပြီးပြီးတော့ ကျနော့်ပတ်ဝန်းကျင် လူတွေတော်တော်များများ အိမ်ထောင်ပြုနေကြတဲ့အခါ ဒီလိုကိစ္စ အမြဲတမ်းဖြစ်ပျက်နေတာကို တွေ့နေရပါတယ်။ ဖြေဆေးကတော့ - လိင်ဆက်ဆံမှုအတွက် လက်ထပ်တဲ့အထိ စောင့်ဆိုင်းနေခြင်းဟာ ဇနီးအပေါ်ယောက်ျားက လေးစားမှုပိုဖြစ်စေပြီးတော့ ယောက်ျားအပေါ်ဇနီးက လေးစားမှုပိုဖြစ်စေပါတယ်။ ရလာဒ်ကတော့ တစ်ဦးကိုတစ်ဦး လေးစားမှုပိုရှိပြီး တစ်ဦးနဲ့တစ်ဦး ပိုမိုနက်ရှိုင်းစွာ ချစ်ခင်ကြတဲ့အတွက် သူတို့ဟာ ပိုပျော်စရာကောင်းပြီး ပိုမကြာခဏ လိင်ဆက်ဆံမှုကို ရရှိစေမှာဖြစ်ပါတယ်။

အကြောင်းရင်း (၇) - အခြားအမျိုးသမီးတွေနဲ့ လိင်ဆက်ဆံမှုမရှိခြင်းဟာ ကိုယ့်အိမ်ထောင်ရေးမှာ ပိုကောင်းတဲ့လိင်ဆက်ဆံမှု ရရှိဖို့ဖြစ်တယ်။

ကျနော်တို့က “သာမန်ကိစ္စ” လို့ ခေါ်ရင်တောင် လိင်ဆက်ဆံခြင်းဟာ လူနှစ်ဦးကြားမှာ နက်နဲတဲ့သံယောဇဉ်ကို ဖြစ်ပေါ်စေတဲ့ ဆန်းကျယ်တဲ့ဂုဏ်သတ္တိတစ်ခု ရှိပါတယ်။ ပြဿနာက ဒီလိုပါ - တခြားမိန်းကလေးတွေနဲ့ ကျနော်ပိုနှီးနွှယ်လေ ကျနော့်အနာဂတ်ဇနီးနဲ့ နှီးနွှယ်ဖို့ပိုခက်လေ ဖြစ်မှာဖြစ်တယ်။ ကော်တိပ်ပြားတစ်စနဲ့ တူပါတယ်၊ မျက်နှာပြင်တွေမှာ ကပ်တာများလေလေ ကပ်နိုင်စွမ်းအား လျော့နည်းလေလေ ဖြစ်ပါတယ်။ အတန်ကြာပြီးရင် ဘာမှကပ်လို့ မရတော့ပါဘူး။

ကျနော် အိမ်ထောင်မပြုခင် တခြားမိန်းကလေးတွေကို တွယ်တာမိရင် တစ်နေ့ကျ ကျနော့်ဇနီးကို တွယ်တာနိုင်မှာ မဟုတ်တော့ဘူး။ ကျနော်သူ့ကို မြတ်နိုးသင့်သလောက် မြတ်နိုးနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် သူ့ကို ချစ်သင့်သလောက် ကျနော်ချစ်နိုင်မှာ မဟုတ်တော့ပါဘူး။ နေ့စဉ်နဲ့အမျှ အနာဂတ်ဇနီးအပေါ် သစ္စာရှိခြင်းဟာ သူမနဲ့အိမ်ထောင်ရေး ပိုကောင်းမွန်ဖို့အတွက်ပါပဲ။

ရယ်စရာကောင်းတဲ့အချက်တစ်ခုက - ကျနော်တို့ရဲ့ယဉ်ကျေးမှုက အိမ်ထောင်ရေးဖောက်ပြန်မှုကို ရှုတ်ချပါရဲ့၊ ဒါပေမယ့် လက်မထပ်မှီလိင်ဆက်ဆံခြင်းကို လူပေါင်းစုံနဲ့တောင် လိုက်လိုက်လျောလျော ခွင့်ပြုထားတယ်။ ဒါဟာလုံးဝမှားနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘက်ပေါင်းစုံကနေ အချိန်အနည်းငယ်ယူ စဉ်းစားကြည့်မယ်ဆိုရင် လက်မထပ်မှီ လိင်ဆက်ဆံခြင်းဟာ အိမ်ထောင်ရေးဖောက်ပြန်မှုပါပဲ။ ဖောက်ပြန်မှုက အိမ်ထောင်ရေးတည်ဆောက်ခြင်းကို ဘယ်လောက်ဆိုးဆိုးဝါးဝါး ထိခိုက်စေသလဲ ကျနော်တို့တွေးမြင်နိုင်တယ်၊ လက်မထပ်မှီလိင်ဆက်ဆံခြင်းကလည်း အဲဒီလိုနီးပါး တကယ်ဖြစ်စေနိုင်မှာဖြစ်ပါတယ်။ ယောက်ျားတစ်ဦးနဲ့ မိန်းမတစ်ဦးကြားက ခိုင်မာတဲ့ချည်နှောင်မှုကို ထိခိုက်ပျက်စီးစေပါတယ်။

အကြောင်းရင်း (၈) - ကျနော်တို့ “လိင်ပိုင်းဆိုင်ရာ အသုံးတည့်” ရဲ့လားဆိုတာသိဖို့ မိန်းမတစ်ယောက်နဲ့ အိပ်စရာမလိုပါဘူး။

လိင်ဆက်ဆံမှုဆိုတာ အိမ်ထောင်ရေးတစ်ခုမှာ အရေးကြီးဆုံးကဏ္ဍမဟုတ်တောင် ယင်းကိုပြည့်စုံစေဖို့ ဖြစ်ပါတယ်။ အဲဒါ ကျနော်တွေ့ရှိခဲ့တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်အိမ်ထောင်ရေးရဲ့ တခြားကဏ္ဍတွေ အဆင်ပြေချောမွေ့နေမယ်ဆိုရင် လိင်မှုကိစ္စဟာ အချိုပေါ်သကာလောင်းခြင်းသဘောပါ။ ကျန်တဲ့အိမ်ထောင်ရေးအစိတ်အပိုင်းတွေ ကောင်းနေရင် လိင်ဆက်ဆံခြင်းလည်း ကောင်းနေမယ်ဆိုတာ ကျနော်သဘောပေါက်လာခဲ့တယ်။ ဒါကြောင့် ကျနော်တို့လိင်မှုမှာ အံခွင်ဝင်ကျဖြစ်မဖြစ် သိရဖို့ ကျနော့်အမျိုးသမီးနဲ့ အိပ်စရာမလိုဘူးဆိုတာ သိတာဖြစ်ပါတယ်။ ကျနော်တို့ အခြားကဏ္ဍတိုင်းမှာ အဆင်ပြေနေရင် လိင်ဆက်ဆံမှုလည်း အဆင်ပြေမှာဖြစ်ပါတယ်။

ဒီနေရာမှာ နောက်တစ်ခုပြောဖို့ လိုပါတယ်။ ကျနော် “တွေ့ရှိ” ခဲ့တယ်လို့ယူဆတဲ့ နောက်တစ်ခုကတော့ - လိင်ဆက်ဆံမှုကို အိမ်ထောင်ရေးရဲ့ အဓိကတိုင်းတာတဲ့အချက်အဖြစ် သင်ထားမိရင် ကျေနပ်စရာမကောင်းတဲ့ လိင်ဆက်ဆံမှုပဲ ရရှိမှာဖြစ်တယ်။ စဉ်းစားကြည့်ပါ။ သင့်ရဲ့လိင်ဆက်ဆံရေးကို မိုက်ခရိုစကုပ်မှာထားကြည့်ပြီး ဒါကိုအကဲဖြတ်နေမယ်၊ အိမ်ထောင်ရေးကို ဒါနဲ့ပဲ တိုင်းတာနေမယ်ဆိုရင် ကျရှုံးဖို့ကျိန်းသေပါ။ ဒါဟာ ထောင်ကျနေသလိုပါပဲ။ ရောင့်ရဲတင်းတိမ်စရာကောင်းပြီး ထိန်းချုပ်ခံရမယ့်အရာ မဖြစ်သင့်တဲ့ အရာတစ်ခုထဲမှာ သင်လှောင်ပိတ်နေတာပါ။

အဲဒီအစား အိမ်ထောင်ရေးရဲ့တခြားအစိတ်အပိုင်းတွေကို ဗဟိုပြုလိုက်တဲ့အခါ လိင်ဆက်ဆံမှုဟာ ဗဟိုမဟုတ်တော့ပါဘူး။ ဒါဆို ပိုပြီးပျော်စရာကောင်းတဲ့ လိင်မှုဘဝကို ရရှိပိုင်ဆိုင်ဖို့ သင်လွတ်မြောက်ပြီ၊ လိင်မှုကိစ္စကို အံ့မခန်းကောင်းမွန်အောင် စွမ်းဆောင်ရမယ်ဆိုတဲ့ ဖိစီးမှုမရှိတော့ဘူးလေ။ (ဘာလို့လဲဆိုရင် အဲဒီလိုဖြစ်လာမှာ မဟုတ်ဘူးလေ။) ဒါပေမယ့် ကျနော်ကိုယ်တိုင် ကောလိပ်ကျောင်းသားအရွယ်မှာ လိင်မှုကို ဗဟိုမပြုဘဲနေနိုင်ခဲ့တယ်လို့ မခံယူပါဘူး။ ဒါကြောင့် လက်ထပ်ဖို့အချိန်ထိ လုံးလုံးလျားလျား စောင့်ထိန်းတာ အကောင်းဆုံးပဲလို့ ကျနော်ယုံကြည်တာဖြစ်တယ်။

အကြောင်ရင်း (၉) - လိင်ဆက်ဆံခြင်းထက် ပိုကျေနပ်စရာကောင်းတဲ့အရာတစ်ခုကို ကျနော်တွေ့ရှိခဲ့တယ်။

“ဩော်၊ ဟုတ်လား” လို့ သင်စိတ်ထဲကနေ သရော်နေမယ်ဆိုတာ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် အဲဒါအမှန်ပါ။ တကယ်တော့ လိင်မှုကိစ္စကပဲ လိင်ထက်ပိုကောင်းမွန်တဲ့အရာကိုတွေ့ရှိဖို့ တနည်းအားဖြင့် ကူညီခဲ့တာပါ။ အဲဒီတစ်စုံတစ်ခုဆိုတာ တကယ်တော့ တစ်စုံတစ်ယောက်ပါ။ အဲဒါ ဘုရားပါပဲ။

ကျနော်ပြောတဲ့ဒီအရာကို ဆုံးအောင်ဖတ်ပါဦး။ ယုံရခက်တယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် တစ်ခုလုံးစဉ်းစားရင် လက်ခံနိုင်ဖွယ် ဖြစ်ပါတယ်။ ဘုရားကလွဲလို့ ဘယ်အရာကမှ ကျနော်တို့ကို အဆုံးစွန် ကျေနပ်ရောင့်ရဲမှု မပေးနိုင်အောင် ကျနော်တို့ကို ဖန်ဆင်းထားတာဖြစ်တယ်။ ဒါကို လူသားတွေရဲ့စနစ်ထဲမှာ၊ ပြီးတော့ ကျနော်တို့တစ်ဦးချင်းစီရဲ့စနစ်ထဲမှာ ထည့်သွင်းခဲ့တာဖြစ်တယ်။ တစ်စုံတစ်ယောက်က “လူတိုင်းရဲ့အတွင်းထဲမှာ ဘုရားကပဲဖြည့်နိုင်တဲ့ ဘုရားပုံစံပြုထားတဲ့ လေဟာနယ်တစ်ခုရှိတယ်” လို့ ပြောခဲ့တဲ့အတိုင်းပါပဲ။

ဒါကြောင့်ပဲ လူတွေ မိမိအလုပ်အကိုင်၊ ကြင်ဖော်၊ ဖက်ရှင်ပုံစံနဲ့ ဒီ့ပြင်အရာတွေကို ဟိုဒီကူးပြောင်းနေကြတာ ကျနော်မြင်တွေ့ရမှာ ဖြစ်ပါတယ် -- ဘာဖြစ်လို့လဲဆိုတော့ အဆုံးစွန်ကျေနပ်မှုကို ရှာဖွေရင်းနဲ့ ဒါကို မဖြည့်ဆည်းပေးနိုင်တဲ့အရာတွေ (ပြီးတော့ လူတွေ) ကို ငြီးငွေ့စိတ်ပျက်သွားကြတာပါ။ ဒါကြောင့် ကျနော်တို့ အမှန်တကယ်ရှာဖွေနေတဲ့ ကျေနပ်မှုမျိုးကို တွေ့ရှိနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒါတွေကိုစွန့်ပစ်ပြီး တခြားနောက်တစ်ခု (သို့မဟုတ် နောက်တစ်ယောက်) ဆီကို ကူးပြောင်းရှာဖွေနေကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာက ဘုရားရှင်ဆီ ရောက်မလာသရွေ့ ကျေနပ်မှုကို ဘယ်တော့မှမတွေ့ရပါဘူး။ ဘုရားကပဲ ပေးစွမ်းနိုင်တာလေ။

ဘုရားသခင်က ကျနော်တို့ကို အလွန်ချစ်တဲ့အတွက် သူကလွဲပြီး တခြားအရာတွေမှာ ကျေနပ်မှုအစစ်အမှန်တွေ့ရှိမှာ မလိုလားပါဘူး။ ကျနော်တို့အတွက် အကောင်းဆုံးကိုလိုလားတယ်၊ အဲဒါကတော့ သူကိုယ်တိုင်ပါပဲ။ ဘုရားလောက် ဘယ်အရာမှ (သို့) ဘယ်သူမှ ပိုအရေးမကြီးပါဘူး။ ဒါကို ကျနော်ကိုယ်တိုင် တွေ့ရှိခဲ့တဲ့အတွက် အဲဒါမှန်ကန်တယ်ဆိုတာ ကျနော်သိတာဖြစ်တယ်။ ကျနော့်မှာရှိခဲ့တဲ့ အလိုမပြည့်မှု -- တစ်ခုပြီးနောက်တစ်ခု ဝယ်ယူပိုင်ဆိုင်ပြီးတဲ့နောက်၊ လိင်စွန့်စားမှုများနောက်၊ ဘဝမှာ ကျေနပ်မှုရဖို့ ကျနော့်ရဲ့ ကြိုးပမ်းမှုများနောက်မှာ -- အဲဒီအလိုမပြည့်မှုဟာ ဘုရားသခင်ကို ကျနော့်ဘဝထဲ ဝင်ရောက်လာဖို့ တောင်းဆိုပြီးတဲ့အခါမှာမှ ဆုံးခန်းကို ရောက်လာပါတယ်။ ယေရှုခရစ်တော်က “ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ငါ့ကိုယုံကြည်သောသူသည် နောက်တစ်ဖန် ရေငတ်မခံရ” (ယောဟန် ၆း၃၅) လို့ ပြောခဲ့ပါတယ်။ အဲဒီစကားတွေဟာ ကျနော့်အသက်တာမှာ အမှန်ဖြစ်လာပါတယ်။ ဘုရားနဲ့ဆက်သွယ်မှုထဲ ဝင်လာခဲ့တဲ့အခါ ကျနော့်နှလုံးသားထဲက ဘုရားပုံစံပြုထားတဲ့ ကွက်လပ်ဟာ နောက်ဆုံးမှာ ပြည့်လာပါတော့တယ်။ နောက်ထပ် ဟာတာမှုမခံစားရတော့ပါဘူး။ အကျိုးရလာဒ်အားဖြင့် ဘုရားကိုသိခြင်းက လိင်ဆက်ဆံမှုက လုံးဝမပေးခဲ့တဲ့ ပို၍နက်ရှိုင်းသောကျေနပ်မှုတစ်ခုကို ပေးစွမ်းခဲ့ပါတယ်။

အကြောင်းရင်း (၁ဝ) - စောင့်ဆိုင်းနိုင်ဖို့ခွန်အား ဘုရားသခင်က ပေးခဲ့ပါတယ်။

ကျနော် နောက်ဆုံးလိင်ဆက်ဆံခဲ့တာ နှစ်များစွာကြာပါပြီ။ လက်ထပ်တဲ့အထိ လုံးလုံးလျားလျား စောင့်ဆိုင်းနိုင်ခဲ့တယ်လို့ ပြောပြဂုဏ်ယူချင်တယ်၊ ဒါပေမယ့် မရတော့ဘူး။ နောင်တတွေရမိတယ် (အထက်မှာပြောပြီးခဲ့သလိုပဲ၊ နောင်တဆိုတာ တဒင်္ဂပျော်ရွှင်မှုတွေထက် များစွာကြာမြင့်အောင် ရှိနေတတ်တယ်လို့)။ မိန်းကလေးတွေကို ကျနော်ဆက်ဆံခဲ့တဲ့ ပုံစံတွေအတွက် နောင်တတွေရတယ်။ (ကျနော် လက်ထပ်မယ်ဆိုရင်၊ လက်ထပ်တဲ့အခါ) အနာဂတ်အိမ်ထောင်ရေးတည်ငြိမ်မှုအတွက် စိုးရိမ်ရပါတယ်။ ဒါပေမယ့် ဘုရားသခင်က ကျနော့်ရဲ့အတိတ်ကပြုမူခဲ့တဲ့အရာတွေနဲ့ အနာဂတ်အတွက် စိုးရိမ်မှုများကို ကူညီဖြေရှင်းပေးခဲ့တယ်။ သူ ကျနော့်ကို တဖြည်းဖြည်း ပုံသွင်းပြောင်းလဲနေပါပြီ၊ ပြီးတော့ အများကြီးလည်း ပြောင်းလဲပေးနေပါပြီ။

ဒါ့အပြင် လိင်မှုထပ်ပြုဖို့ရန် လက်ထပ်တဲ့အထိ စောင့်ဆိုင်းနိုင်ဖို့ခွန်အားလည်း ပေးခဲ့ပါပြီ။ တခါတရံ ခက်ခဲတာတော့ အမှန်ပါ၊ ဒါပေမယ့် ကျော်ဖြတ်နိုင်လောက်အောင် ဘုရားသခင်ကြီးမြတ်ပါတယ်။ သူနဲ့သာဆို အရာရာဖြစ်နိုင်ပါတယ်။ နေ့ရက်၊ ရက်သတ္တပတ်၊ နှစ်တွေ ကုန်ပြီးသွားတိုင်း ကျနော်စောင့်ဆိုင်းနေတဲ့အတွက် တစ်နေ့ကျ ပိုကောင်းမွန်ပြီး ပိုခိုင်မာတဲ့အိမ်ထောင်ရေးတစ်ခု တည်ဆောက်နိုင်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။ ပြီးတော့လည်း ယောက်ျားတစ်ယောက်အနေနဲ့ ဘဝရဲ့ဒီအရေးပါတဲ့အပိုင်းမှာ သူ့အပေါ်မှီခိုအားထားနေရတဲ့ ရလာဒ်တစ်ခုအဖြစ် ယနေ့ ဘုရားသခင်နဲ့ ပိုမိုခိုင်မာတဲ့ ဆက်သွယ်မှုတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

ဘယ်ကနေစမလဲ

ခင်ပွန်းသည်တစ်ယောက်နဲ့ ဖခင်တစ်ယောက်အနေနဲ့ -- တနေ့မှာ သင့်ရဲ့ဆက်ဆံရေး အောင်မြင်ချင်တယ်ဆိုရင် အစပြုဖို့ အကောင်းဆုံးကတော့ သင်ကိုယ်တိုင်ပါပဲ။ အချက်ကတော့ မှန်ကန်တဲ့ဇနီးရှာဖွေခြင်း (သို့) မှန်ကန်တဲ့သားသမီးရခြင်း မဟုတ်ပါဘူး။ အဓိကက ကိုယ်ကနေစဖို့ပါပဲ။ ဒါပြီးရင် သင်ပိုင်ဆိုင်သင့်တဲ့ အရေးကြီးဆုံးသောဆက်သွယ်ရေး -- သင့်ကို အောင်မြင်တဲ့ ခင်ပွန်းသည်နဲ့ဖခင်တစ်ယောက် ဖြစ်စေမယ့်သူ -- ကတော့ ဘုရားနဲ့ဆက်သွယ်ရေးပါပဲ။

လိင်၊ အချစ်နဲ့ အိမ်ထောင်ဆက်ဆံရေး ဒါတွေဟာ ဘုရားသခင်ရဲ့လက်ရာတွေပါ။ ဒါတွေကို ကျနော်တို့ရရှိခံစားဖို့ ဖန်ဆင်းခဲ့တာပါ။ ဒါတွေအတွက် သူ့ရဲ့ပုံစံပြုမှုအတိုင်း လိုက်မယ်ဆိုရင် အပြည့်အဝခံစားနိုင်မှာဖြစ်တယ်။ ဘုရားသခင်ဟာ “ကျင့်ဝတ်တရားဟောသူ” မဟုတ်ဘူးဆိုတာ ကျနော်လေ့လာတွေ့ရှိခဲ့တယ်။ သူက “ဒါလုပ်ပါ” “ဒါမလုပ်နဲ့” လို့ပြောတဲ့အခါ အကြောင်းမဲ့မပြောပါဘူး။ “မလုပ်နဲ့” (ဥပမာ၊ လိင်ဆက်ဆံဖို့ရန်အတွက် လက်ထပ်တဲ့အထိစောင့်ပါ) လို့ ပြောတဲ့အခါ ဆရာလုပ်လို့ ပြောတာမဟုတ်ပါဘူး။ ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် ပြောတာပါ။ ကိုယ့်ကို လူတစ်ယောက်အဖြစ် ဘယ်လိုပုံစံပြုထားတယ်၊ ကိုယ့်အတွက်အကောင်းဆုံးဘာလဲ၊ ပြီးတော့ ဘယ်အရာက ကျေနပ်မှုအပြည့်စုံဆုံး ဆောင်ကျဉ်းပေးမလဲဆိုတာ သူအသိဆုံးမို့ ပြောရခြင်းဖြစ်ပါတယ်။

ဘုရားသခင်ကို ကိုယ်တိုင်ကိုယ်ကျသိရှိခြင်း

သမ္မာကျမ်းစာက ယေရှုခရစ်တော်ဟာ လူသားဖြစ်လာတဲ့ ဘုရားပဲဖြစ်တယ်လို့ ပြောပါတယ် -- “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍ … ငါတို့တွင်တည်နေတော်မူသည်” တဲ့။ သူဟာ ဘုရားသခင်ရဲ့အင်္ဂါရပ်နဲ့ ထပ်တူပုံဆောင်ချက် ဖြစ်ပါတယ်။ အချုပ်ဆိုရရင် ယေရှုခရစ်တော်ဟာ ဘုရားသခင် ဘာနဲ့တူလဲဆိုတာကို အတိအကျဖွင့်ပြခဲ့ပါတယ်။ ဒါဆို သူနဲ့ဆက်သွယ်ချက် ဘယ်လိုစမလဲ?

ဘုရားသခင်ဟာ ကျနော်တို့ကို စစ်မှန်တဲ့မေတ္တာနဲ့ချစ်ပြီး ကျနော်တို့အား သူ့ကိုသိစေလိုပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုတော့ရှိတယ်။ လတ်တလောမှာ ဘုရားကိုဆက်သွယ်ဖို့လမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့အရာကတော့ ကျနော်တို့ရဲ့အပြစ် (ဘုရားနဲ့ အခြားသူများကို ပြီးပြည့်စုံစွာ မချစ်နိုင်ခြင်း) ဖြစ်ပါတယ်။

ဒါကြောင့် ယေရှုခရစ်တော် လက်ဝါးကားတိုင်ပေါ်မှာ လိုလိုလားလား အသေခံတယ်ဆိုတဲ့အခါ ကျနော်တို့အပြစ်တွေအားလုံးကို သူ့ပုခုံးထက်မှာ သူ (“လူဇာတိကိုခံယူသောဘုရားသခင်”) ဟာ ယူတင်ခဲ့တာဖြစ်တယ်။ ကျနော်တို့ လုံးလုံး အပြစ်လွှတ်ခံရဖို့၊ လက်ခံနိုင်ဖွယ် လုံးလုံးဖြစ်ဖို့ ဒီလိုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ကျနော်တို့ကိုယ်စား အရိုက်နှက်ခံ၊ အလှောင်ပြောင်ခံ၊ ကြာပွတ်နဲ့အရိုက်ခံ၊ အသေသတ်ခံပြီးတော့ အကြီးမားဆုံးပေးဆပ်မှုကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ သုံးရောက်မြောက်သောနေ့မှာ သေခြင်းကရှင်ပြန်ထမြောက်ခဲ့တာဖြစ်ပါတယ်။ အခု ကျနော်တို့အသက်တာထဲ သူ့ကိုဖိတ်ခေါ်ခြင်းအားဖြင့် သူ့ရဲ့ပေးဆပ်မှုကိုတုံ့ပြန်ဖို့ ကျနော်တို့ကို တောင်းဆိုနေပါတယ်။

ယေရှုခရစ်တော်ဟာ အမှန်တကယ်သက်ရှိထင်ရှားခဲ့တဲ့ ယောက်ျားအဆန်ဆုံးသောလူသား ဖြစ်ပါတယ်။ လူတွေက ဒီအတွက်သူ့ကို သိပ်ကြီး အသိအမှတ်မပြုကြဘူး၊ ဒါပေမယ့် ဒါဟာအမှန်ပါ။ ဒါကြောင့် သင့်အသက်တာထဲ သူ့ကိုဖိတ်ခေါ်တဲ့အခါ လူ့သဘောသဘာဝကို တခြားလူတွေထက် ပိုသိနားလည်တဲ့ပုဂ္ဂိုလ်တစ်ပါးကို သင်ဖိတ်ခေါ်နေတာဖြစ်တယ်။ သူဟာသင့်ကို စစ်မှန်တဲ့ယောက်ျားတစ်ယောက် ဖြစ်လာအောင် ကူညီမစမှာဖြစ်တယ် -- ဟောလီဝုဒ်ကတင်ဆက်တဲ့ပုံစံမျိုးမဟုတ်ဘဲ -- ဘဝမှာ ကျေနပ်မှုကိုများစွာ ပိုရရှိပြီး တခြားသူများရဲ့ ဘဝအတွက် ပိုမိုတန်ဖိုးရှိတဲ့ ယောက်ျားတစ်ယောက်လိုပုံစံမျိုးနဲ့ ဖြစ်ပါတယ်။

အဲဒီစစ်မှန်တဲ့ယောက်ျားဟာ ဘာနဲ့တူသလဲ? သူဟာ ဝံပုလွေတစ်ကောင် (သူ့အတွက်ချည်းကြည့်တတ်တဲ့သူ) နဲ့ မတူပါဘူး။ အဲဒီအစား သိုးထိန်းတစ်ယောက်နဲ့သာ တူပါတယ် -- သူတပါးရဲ့ကောင်းကျိုးကိုရှာတတ်တဲ့သူပေါ့။ ခရစ်တော်နဲ့ဆက်သွယ်မှုမှာ ကြီးထွားလာတာနဲ့အမျှ စစ်မှန်တဲ့ယောက်ျားတစ်ယောက်ဆိုတာဘာလဲဆိုတာ သင်ပိုပိုပြီး သိရှိနားလည်လာမှာဖြစ်ပါတယ်။ အဲဒီအခါ အမျိုးသမီးတွေအပေါ် သင့်ရဲ့ထင်မြင်ချက်နဲ့၊ ထိုမှတဆင့် သူတို့အပေါ် သင့်ရဲ့ဆက်ဆံပုံတွေကို ခရစ်တော်က ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

ထာဝရတည်တံ့နေမယ့် ခရစ်တော်နဲ့ဆက်သွယ်ရေးကို သင်အစပြုနိုင်ပါပြီ။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” (ယောဟန် ၃း၁၆)။ ယုံကြည်ခြင်းဆိုတာ ကိုးစားခြင်းပဲဖြစ်ပါတယ်။ သင့်ကိုယ်စား ခရစ်တော်ရဲ့ပေးဆပ်မှုအပေါ်မှာ သင်ကိုးစားအမှီပြုတယ်ဆိုရင် ထာဝရအသက်ကို သင်ရရှိခံစားနိုင်ပါတယ်။ အဲဒီ ထာဝရအသက်ဆိုတာ ယခုပင်အစပြုပြီး သင့်ဘဝတစ်လျှောက်လုံး စောင့်ထိန်းရမယ့် ဘုရားသခင်နှင့်ဆက်သွယ်ချက်ပဲ ဖြစ်ပါတယ်။ ယခု သင့်နှလုံးသားထဲမှာ ဆန္ဒဖြစ်ပေါ်တယ်ဆိုရင် အောက်ပါအကြံပေးချက်ဟာ သင် ဘုရားသခင်ကို အရိုးခံစိတ်အတိုင်း ပြောပြလိုမှာဖြစ်တဲ့ ဆုတောင်းချက်ပဲ ဖြစ်ပါတယ် -

“ကိုယ်တော်ဘုရား၊ ကိုယ်တော့်ကိုပြစ်မှားခဲ့ကြောင်း ဝန်ခံပါတယ်။ လက်ဝါးကားတိုင်ပေါ်မှာ ကျွန်ုပ်အပြစ်များအားလုံးကို ကိုယ်တိုင်ယူဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်၏ခွင့်လွှတ်ခြင်းကို လက်ခံရရှိလိုပါတယ်။ ကိုယ်တော်နဲ့ဆက်သွယ်ရေးထဲ ဝင်ရောက်လိုပါတယ်။ အကျွန်ုပ်၏ကယ်တင်ရှင်နဲ့သခင်အဖြစ် ကျွန်ုပ်ဘဝထဲ ဝင်ရောက်လာဖို့ ဖိတ်ခေါ်အပ်ပါတယ်။ ကျေးဇူးပြု၍ ကိုယ်တော်အလိုရှိတဲ့ ယောက်ျားတစ်ယောက်အဖြစ် ပုံသွင်းတော်မူပါ။”

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ပြီးပါပြီ (အခြားအထောက်အကူပြုအချက်အလက်များ လိုက်လာရန်)

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ကောင်းဖိတ်ခေါ်လိုမှာဖြစ်ပါတယ်။ ကျေးဇူးပြု၍ ဒီအရာကို ပိုမိုပြည့်စုံစွာရှင်းပြပေးပါ။

မေးစရာတစ်ခုရှိပါတယ်...

ဆောင်းပါးကိုဝေမျှရန်