ယေရှုဘယ်သူဖြစ်ခဲ့သလဲ?

အောက်ပါအချက်များက ယေရှုခရစ်တော်ရဲ့အသက်တာကိုသင့်အား တခဏအတွင်းမှာ မြင်တွေ့သိရှိစေမှာဖြစ်ပါတယ်။ အဲဒါတွေကတော့ သမ္မာကျမ်းစာထဲက ရှင်ယောဟန်ခရစ်ဝင်ကျမ်းကနေ တိုက်ရိုက်ထုတ်ယူထားတဲ့ ကောက်နှုတ်ကိုးကားချက်တွေပဲ ဖြစ်ပါတယ်။ ထင်မြင်သုံးသပ်ချက်တွေ ပေးမထားပါဘူး။ ဒီကျမ်းချက်တွေက သင့်ကို ယေရှုရဲ့အသက်တာ၊ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း၊ ပြီးတော့ သူ့သက်တော်စဉ်ဟာ ဘာကြောင့်သင့်အတွက် ထူးခြားသလဲဆိုတာကို တိကျမှန်ကန် မြန်ဆန်စွာ လေ့လာတွေ့မြင်စေပါမယ်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၃)
ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတစ်ယောက်သည်၊ ညဥ့်အခါ ယေရှုထံတော်သို့လာ၍၊ “အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှမပြနိုင်သည်ကို အကျွနု်ပ်တို့သည် ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏” ဟု လျှောက်သော်၊

ယေရှုက၊ “ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်” ဟု ပြန်၍မိန့်တော်မူ၏။

နိကောဒင်ကလည်း၊ “အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ်သို့ခံနိုင်ပါမည်နည်း? အမိဝမ်းထဲသို့ တစ်ဖန်ဝင်၍မွေးခြင်းကို ခံနိုင်ပါမည်လော?” ဟု လျှောက်၏။

ယေရှုကလည်း၊ “ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။ ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။ ဒုတိယမွေးခြင်းကိုခံရမည်ဟု ငါဟောပြောသည်ကို အံ့သြခြင်းမရှိနှင့်။ လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်” ဟု မိန့်တော်မူ၏။

နိကောဒင်ကလည်း၊ “ဤအမှုအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်း?” ဟု လျှောက်ပြန်လျှင်၊

တစ်ဖန် ယေရှုက၊ “သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိသလော? ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့မတက်ပြီ။… ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။

ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏။”

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁)
အစဦး၌ နှုတ်ကပတ်တော် [ယေရှု] ရှိ၏။
နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။
နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။
ထိုနှုတ်ကပတ်တော်[ယေရှု]သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။
ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။
ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။
ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏[အသက်ကိုပေး၏]။
ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။
ထိုအလင်းသည် မှောင်မိုက်၌လင်း၍
မှောင်မိုက်သည် မခံမယူ[မငြိမ်းသတ်နိုင်]။

သူဟာ သူကိုယ်တိုင်ဖန်ဆင်းထားတဲ့ ကမ္ဘာထဲကို ဝင်ရောက်လာခဲ့ပေမယ့် ကမ္ဘာကသူ့ကို မသိမြင်နားမလည်ခဲ့ပါဘူး။ သူ့လူမျိုးတော်ဆီကို လာခဲ့ပေမယ့် သူတို့ငြင်းပယ်ခဲ့ကြတယ်။ ဒါပေမယ့် သူ့ကိုယုံကြည်ပြီး လက်ခံတဲ့သူတွေအားလုံးကို ဘုရားသခင်ရဲ့သားဖြစ်ခွင့်ကို ပေးခဲ့ပါတယ်။ ထိုသူများဟာ ပြန်လည်မွေးဖွားသူများဖြစ်ကြတယ် -- လူတွေရဲ့တဏှာဇော (သို့) စီမံချက်ကနေ ဖြစ်ပေါ်လာတဲ့ လူသားဇာတိမွေးဖွားခြင်းနဲ့ မဟုတ်ဘဲ၊ ဘုရားသခင်ထံမှလာသော ဝိညာဏမွေးဖွားခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် နှုတ်ကပတ်တော်ဟာ လူဖြစ်လာပြီး ကျနော်တို့ကြားမှာ လာရောက်နေထိုင်ခဲ့ပါတယ်။ သူဟာ တည်မြဲတဲ့မေတ္တာနဲ့ သစ္စာရှိခြင်းနဲ့ ပြည့်ဝပါတယ်။ ပြီးတော့ ကျနော်တို့ သူ့ရဲ့ဘုန်းအသရေ၊ ခမည်းတော်ရဲ့တစ်ပါးတည်းသောသားတော်ရဲ့ ဘုန်းအသရေကို တွေ့မြင်ကြပြီဖြစ်ပါတယ်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၅)
ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ၍ အနာရောဂါစွဲသောသူများအပေါင်းတို့သည်.. နေကြ၏။ ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသောသူတစ်ယောက်သည် ရေကန်နားမှာရှိ၏။ ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊

ယေရှုကလည်း “ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့!” ဟု မိန့်တော်မူသည်။

ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက်၍! မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏! ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထို့ကြောင့် ယုဒလူတို့က “ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကိုမဆောင်အပ် [အလုပ်မလုပ်အပ်။ ပညတ်ချက်ကခွင့်မပြု။]! ဟု ရောဂါကင်းသောသူအား ဆိုကြ၏။

သူကလည်း၊ “အကျွနု်ပ်ကို ကျန်းမာစေသောသူက၊ ‘ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့’ ဟု ဆိုသည်” ဟု ပြန်ပြော၏။

ယုဒလူတို့ကလည်း၊ “ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ်သူနည်း?” ဟု မေးမြန်းကြ၏။ ထိုသူသည်သွား၍ မိမိကိုကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အား ကြားပြောလေ၏။

ထိုအမှုကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကို ညှဉ်းဆဲကြ၏။ ယေရှုကလည်း၊ “ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍၊ ငါသည်လည်းလုပ်၏” ဟု ပြန်ပြောတော်မူ၏။

သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူ[ယုဒခေါင်းဆောင်]တို့သည် ကိုယ်တော်ကိုသတ်ခြင်းငှာ သာ၍ရှာကြံကြ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၆)
ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ “ဤသူတို့စားစရာမုန့်ကို အဘယ်မှာဝယ်မည်နည်း?” ဟု မေးတော်မူ၏။ ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ပြုမည်ကို သိတော်မူလျက်ပင် ဖိလိပ္ပုကို စုံစမ်းခြင်းငှာသာ မေးတော်မူ၏။

ဖိလိပ္ပုကလည်း၊ “ဤသူတို့သည် မုန့်တစ်ဖဲ့စီစေ့ငအောင် ဒေနာရိအပြားနှစ်ရာအဖိုးထိုက်သောမုန့် မလောက်ပါ” ဟု လျှောက်၏။ ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊ “မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက်များစွာသောသူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့်ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း?” ဟု လျှောက်၏။

ယေရှုကလည်း၊ “လူများတို့ကိုလျောင်းကြစေ” ဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည်ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သောလူ [ယောကျ်ားအရေအတွက်တစ်ခုတည်း] တို့သည် လျောင်းကြ၏။ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို [ပြုပြီးလျှင်] လူများလိုချင်သမျှ ဝေငှကြ၏။

ထိုသူတို့သည် ဝကြပြီးမှ ကိုယ်တော်က၊ “ဘာမျှမပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့” ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ စားသောသူတို့၌ ကျန်ကြွင်းသော မုယောမုန့်ငါးလုံး၏အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။

ယေရှုကလည်း၊ “ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။ မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကိုရခြင်းငှာ မကြိုးစားကြနှင့်။ လူသား[ယေရှုခရစ်တော်]သည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှတည်တတ်သော အစာကိုရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏ တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်” ဟု မိန့်တော်မူ၏။

ယေရှုကလည်း၊ “ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့်ညီသောအကျင့်တည်း” ဟု မိန့်တော်မူ၏။

“ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ်မခံရ။ ငါ့ကိုယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။ .. ခမည်းတော်၏အလိုတော်ကား၊.. သားတော်ကိုကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှာ၎င်း အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေမည်” ဟု မိန့်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၇)
ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ “ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့! ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း ‘အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်’” ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတ္တံ့သောဝိညာဉ်တော်ကိုရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။

စကားတော်ကိုကြားသော လူအများတို့က၊ “ဤသူသည် လာလတ္တံ့သောပရောဖက် အမှန်ဖြစ်သည်” ဟု ဆိုကြ၏။ အချို့ကလည်း၊ “ဤသူသည် ခရစ်တော်ဖြစ်သည်” ဟု ဆိုကြ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁ဝ)
“ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့်မဝင်၊ အခြားလမ်းဖြင့် ကျော်ဝင်သောသူသည် သူခိုးဓားပြဖြစ်၏! သိုးထိန်းမူကား၊ တံခါးဝဖြင့် ဝင်တတ်၏။”… ဟု မိန့်တော်မူ၏။

ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြ။ ထို့ကြောင့်တဖန် ယေရှုက၊

“ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုငှာ မိမိအသက်ကို စွန့်တတ်၏။ သိုးများကိုပိုင်သော သိုးထိန်းမဟုတ်၊ သူငှားဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်၊ သိုးတို့ကိုပစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း၊ သိုးတို့ကိုလုယက်၍ ကွဲလွင့်စေ၏။ သူငှားသည် သူငှားဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။

ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကိုသိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ငါသည် ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှာ စွန့်၏။”

“ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန်ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။ ငါ့အသက်ကို အဘယ်သူမျှမလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကိုစွန့်ရသောအခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။…

ငါသည် ငါ့ခမည်းတော်၏အမှုတို့ကိုမပြုလျှင် ငါ့ကိုမယုံကြနှင့်။ ပြုလျှင် ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကိုယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ရှိတော်မူသည်၎င်း၊ ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း ယုံ၍သိမှတ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁၁)
ညီအစ်မ မာရိနှင့်မာသတို့နှင့်နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတစ်ယောက်သည် နာလျက်နေလေ၏။ ညီအစ်မတို့သည် အထံတော်သို့စေလွှတ်၍၊ “သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည်” ဟု လျှောက်ကြ၏။

ယေရှုသည် မာသကို၎င်း၊ သူ၏ညီမနှင့် လာဇရုကို၎င်း ချစ်တော်မူ၏။ လာဇရုနာသည်ကို ကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။

ထို့နောက်မှ တပည့်တော်တို့အား၊ “ယုဒပြည်သို့ တစ်ဖန်သွားကြကုန်အံ့” ဟု မိန့်တော်မူလျှင်၊ တပည့်တော်တို့က “အရှင်ဘုရား၊ ယုဒလူတို့သည် ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှာ ရှာကြံလျက်ပင် ထိုအရပ်သို့တစ်ဖန် ကြွတော်မူဦးမည်လော?” ဟု လျှောက်ကြ၏။

“ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်” ဟု မိန့်တော်မူ၏။

တပည့်တော်တို့ကလည်း၊ “သခင်၊ သူသည်အိပ်ပျော်လျှင် သက်သာရလိမ့်မည်!” ဟု လျှောက်ကြ၏။ ယေရှုသည် လာဇရုသေကြောင်းကို ရည်မှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိအိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။ ထို့ကြောင့် ယေရှုက၊ “လာဇရုသေပြီ။ … သူ့ဆီသို့ ယခုသွားကြကုန်အ့ံ” ဟု အတည့်အလင်း မိန့်တော်မူ၏။

ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုကိုသင်္ဂြိုဟ်၍ သချႋုင်းတွင်း၌ လေးရက်လွန်လေပြီ။ မာသက၊ “သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။ ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်” ဟု လျှောက်၏။

ယေရှုကလည်း၊ “သင်၏မောင်သည် ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။

မာသကလည်း၊ “နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” ဟု လျှောက်၏။

ယေရှုကလည်း၊ “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါ့စကားကိုယုံသလော?” ဟု မေးတော်မူလျှင်၊

မာသက၊ “ဟုတ်ပါ၏ သခင်။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်” ဟု လျှောက်၏။

မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ပြပ်ဝပ်လျက်၊ “သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါ” ဟု လျှောက်၏။

မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊ “အလောင်းကို အဘယ်မှာထားကြသနည်း?” ဟု မေးတော်မူလျှင်၊ “သခင်ကြွ၍ ကြည့်တော်မူပါ” ဟု လျှောက်ကြ၏။

ယေရှုသည်မျက်ရည်ကျတော်မူ၏။ ယုဒလူတို့က၊ “ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကား!” ဟု ဆိုကြ၏။ အချို့တို့က၊ “မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကိုမသေစေခြင်းငှာ မတတ်နိုင်လော?” ဟု ဆိုကြ၏။

တဖန် ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။ “ကျောက်ကိုရွှေ့ကြလော့” ဟု ယေရှုသည်မိန့်တော်မူလျှင်၊

သေလွန်သောသူ၏နှမ မာသက၊ “သခင်၊ ယခုဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီ” ဟု လျှောက်၏။

ယေရှုကလည်း၊ “သင်သည်ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီမဟုတ်လော?” ဟု မိန့်တော်မူ၏။

ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှ ကျောက်ကိုရွှေ့ကြ၏။ ယေရှုသည်လည်း အထက်သို့မျှော်ကြည့်လျက်၊ “အဘ၊ ကိုယ်တော်သည် အကျွနု်ပ်စကားကို နားထောင်တော်မူသော ကျေးဇူးတော်ကြီးလှပါ၏။ ကိုယ်တော်သည် အကျွနု်ပ်စကားကို အစဉ်မပြတ် နားထောင်တော်မူသည်ကို အကျွနု်ပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည်အကျွနု်ပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့အကျွနု်ပ်လျှောက်ပါ၏” ဟု မိန့်မြွက်တော်မူပြီးမှ၊

“လာဇရု၊ ထွက်၍လာလော့!” ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့်စည်းလျက် ထွက်လာ၏။ ယေရှုကလည်း၊ “သူ့ကိုဖြည်၍ လွှတ်ကြလော့!” ဟု မိန့်တော်မူ၏။ ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသော အမှုကိုမြင်လျှင်၊ ကိုယ်တော်ကိုယုံကြည်ကြ၏။

အချို့မူကား၊ ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ “ငါတို့သည် အဘယ်သို့ပြုလျက် နေကြသနည်း? ထိုသူသည် များစွာသောနိမိတ်လက္ခဏာကိုပြ၏။ သူ့ကို ဤသို့စေလွှတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်…” ဟု ပြောဆိုကြ၏။ ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁၂)
သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားစရပ်မှ ဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။ အကြောင်းမူကား၊ ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသော ဘုန်းအသရေကို သာ၍နှစ်သက်ကြ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁၃)
ပသခါပွဲမခံမှီ၌ ယေရှုသည် ဤလောကမှ ခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊… ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊ …

ထိုသို့ ယေရှုသည်… စိတ်နှလုံးတော်ပူပန်ခြင်းရှိ၏။ “ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်!” ဟု သက်သေခံလျက် မိန့်တော်မူ၏။ ယုဒရှကာရုတ်သည် … ချက်ခြင်းထွက်သွား၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁၄)
တဖန်တုံ ယေရှုက၊ “သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။ ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်။

ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။ ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည် ငါ၌ရှိသည်ကို၎င်း၊ ငါသည် သင်တို့၌ရှိသည်ကို၎င်း၊ ထိုနေ့[ငါရှင်ပြန်ထမြောက်သောနေ့]၌ သင်တို့သည် သိရကြလိ်မ့်မည်။ ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အား ကိုယ်တိုင်ထင်ရှားမည်” ဟု မိန့်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁၅)
“ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။ ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကိုစောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။ သင်တို့၌ ငါ့ဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာ၎င်း၊ သင်တို့ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ၎င်း၊ ဤစကားကိုသင်တို့အား ငါဟောပြော၏။”

“ငါ့ပညတ်ဟူမူကား၊ ငါသည်သင်တို့ကို ချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။ ကိုယ်အဆွေတို့အဘို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။”

“လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကိုမမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ ငါသည် အခြားသူမပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့်ငါ့ခမည်းတော်ကို မုန်းကြ၏။ သို့ဖြစ်လျှင်၊ ‘အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏’ ဟု သူတို့၏ပညတ္တိကျမ်းစာ၌ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။”

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁၆)
“ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် [ငါအပေါ်၌ဖြစ်လာမည့်အရာအတွက်] ငိုကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တစ်ဖန် ဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်။ … ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တစ်ဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှာမတတ်နိုင်။ … သင်တို့သည် ငါ့ကိုချစ်ကြ၍၊ ငါသည် ဘုရားသခင်အထံတော်မှကြွလာသည်ကို ယုံကြသောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။ ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီ။ တစ်ဖန် ဤလောကမှထွက်၍ ခမည်းတော်ထံသို့ သွားဦးမည်” ဟု မိန့်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁၇)
ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့မျှော်ကြည့်၍၊

“အို အဘ၊ အကျွနု်ပ်အချိန်ရောက်ပါပြီ။ ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှာ၊ လူမျိုးအပေါင်းတို့ကိုအစိုးရသော အခွင့်တန်ခိုးကို သားတော်အား ပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကိုထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်း ထင်ရှားစေတော်မူပါ။ ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကို၎င်း သိကျွမ်းခြင်းတည်း။

အကျွနု်ပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ အကျွနု်ပ်ဆောင်ရွက်စရာဘို့ အကျွနု်ပ်၌ အပ်ပေးတော်မူသောအမှုကို အကျွနု်ပ်ဆောင်ရွက်၍ပြီးပါပြီ။ အို အဘ၊ ဤကပ်ကမ္ဘာမတည်ရှိမှီ အထံတော်၌ အကျွနု်ပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွနု်ပ်ကို အထံတော်၌ချီးမြှောက်တော်မူပါ။

ဤသူတို့သည် အကျွနု်ပ်ကိုအမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွနု်ပ်ပြောပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တရားကို ဤသူတို့အား အကျွနု်ပ်ပေးပါပြီ။ အကျွနု်ပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ [မစပ်ဆိုင်သကဲ့သို့] ဤသူတို့သည် မဆက်ဆံ [မစပ်ဆိုင်] သောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကိုမုန်းကြပါ၏။

ထိုသူတို့အဘို့ကိုသာ အကျွနု်ပ်ဆုတောင်းသည်မဟုတ်ပါ၊ သူတို့ဟောပြောခြင်းအားဖြင့် အကျွနု်ပ်ကိုယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ၏။

တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွနု်ပ်သိပါ၏။ ကိုယ်တော်သည် အကျွနု်ပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည် သိကြပါ၏။ ကိုယ်တော်သည် အကျွနု်ပ်ကို ချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှာ၎င်း၊ အကျွနု်ပ်သည် သူတို့၌ရှိစေခြင်းငှာ၎င်း၊ ကိုယ်တော်၏နာမကို အကျွနု်ပ်သည် သူတို့အားပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်” ဟု မိန့်မြွက်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁၈)
ထိုသို့မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဘက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ ဝင်တော်မူ၏။ ထိုအရပ်သို့ ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊ စစ်သူရဲတစ်တပ်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သော မင်းလုလင်တို့ကို၎င်းခေါ်ခဲ့၍ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကိုလက်စွဲလျက် လာကြ၏။

ယေရှုသည် ကိုယ်တော်၌ဖြစ်လတ္တံ့သမျှသော အမှုအရာတို့ကိုသိတော်မူလျက်၊ လာသောသူတို့ဆီသို့သွား၍ “အဘယ်သူကို ရှာကြသနည်း?” ဟု မေးတော်မူ၏။

“နာဇရက်မြို့သားယေရှုကိုရှာကြသည်” ဟု ဆိုလျှင်၊

ယေရှုကလည်း၊ “ငါသည်ထိုသူဖြစ်၏” ဟု မိန့်တော်မူ၏။ (ကိုယ်တော်ကိုအပ်နှံသော ယုဒရှာကာရုတ်သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။) တပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ပြီးလျှင်…

ပိလတ်မင်းသည်… “ဤသူ၌ အဘယ်အပြစ်ကို တင်ကြသနည်း?” ဟု မေးသော်၊ “ဤသူသည် လူဆိုးမဟုတ်လျှင် အကျွနု်ပ်တို့သည် ကိုယ်တော်၌မအပ်ပါ!” ဟု လျှောက်ကြ၏။

ပိလတ်မင်းကလည်း၊ “သူ့ကိုယူ၍ သင်တို့ဓမ္မသတ်အတိုင်း စီရင်ကြ” ဟု ဆို၏။

ယုဒလူတို့ကလည်း၊ “အကျွနု်ပ်တို့သည် [ရောမလူမျိုးများမှလွဲ၍] အဘယ်သူကိုမျှ မသတ်ပိုင်ပါ” ဟု လျှောက်ကြ၏။ (ထိုသို့လျှောက်သော်၊ ယေရှုသည် အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသောစကားတော် ပြည့်စုံမည်အကြောင်းတည်း။)






































ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁၉)
ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ [အဖျားတွင်ခဲရည်လူးထားသောကြာပွတ်ဖြင့်] ရိုက်ပြီးမှ၊ စစ်သူရဲတို့သည် ဆူးပင်နှင့်ရက်သောဦးရစ်ကို ခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံကို ခြုံစေပြီးလျှင်၊ “ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်း!” ဟု ဆို၍ ရိုက်ပုတ်ကြ၏။

ပိလတ်မင်းကလည်း၊ “ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ၊ သူ့ကိုသင်တို့ရှိရာသို့ ငါထုတ်ပြသည်” ဟု ဆို၏။

ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီမောင်းသောဝတ်လုံတို့ကိုဝတ်လျက် အပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်းကလည်း၊ “သူ့ကို ကြည့်ကြလော့!” ဟု ဆို၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လုလင်များတို့က၊ “ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါ!” ဟု ဟစ်ကြော်ကြ၏။

ပိလတ်မင်းကလည်း၊ “သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ။ ငါသည် သူ၌အပြစ်ကိုမတွေ့” ဟု ဆိုလျှင်၊

ယုဒလူတို့က၊ “ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွနု်ပ်တို့၌ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်” ဟု လျှောက်ကြ၏။

ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် သာ၍ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို့ဝင်ပြန်၍၊ ယေရှုအား၊ “သင်သည် အဘယ်ကဖြစ်သနည်း?” ဟု မေးလျှင်၊

တစ်ခွန်းကိုမျှ ပြန်တော်မမူ။

ပိလတ်မင်းကလည်း၊ “ငါနှင့်စကားမပြောသလော? ငါသည်သင့်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကို၎င်း၊ လွှတ်ပိုင်သည်ကို၎င်း၊ သင်မသိသလော?” ဟု ဆိုသော်၊

“အထက်အရပ်မှအခွင့်ကိုမရလျှင် မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင်။ ထို့ကြောင့် ငါ့ကိုမင်းကြီးလက်သို့ အပ်နှံသောသူသည် သာ၍ကြီးသောအပြစ်ရှိသည်” ဟု မိန့်တော်မူ၏။

ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ “ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ!” ဟု လူအများဟစ်ကြော်ကြ၏။ ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ထိုသူတို့လက်သို့အပ်သဖြင့်၊

သူတို့သည် ကိုယ်တော်ကိုယူ၍ ထုတ်သွားကြ၏။ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ထမ်းလျက် ဦးခေါင်းခွံအရပ် ဟူ၍တွင်သော အရပ်သို့ထွက်တော်မူ၏။ (ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။) ထိုအရပ်၌ ကိုယ်တော်ကို … လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။

ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ “ရေငတ်သည်” ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတစ်ထွေးကို ပုံးရည်နှင့်ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင်အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ ကပ်ထားကြ၏။ ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ “အမှုပြီးပြီ!” ဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကိုငိုက်ဆိုက်ညွှတ်၍ အသက်တော်ကိုစွန့်တော်မူ၏။

ထိုနေ့သည် အဖိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း [ပဿခါပွဲတော်ကြောင့် အထူးတလည်ဖြစ်သော] ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည်ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှာ ပိလတ်မင်းထံသို့ဝင်ပြီးလျှင်၊ [အသေမြန်စေခြင်းငှာ] ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။

ထိုအခါစစ်သူရဲတို့သည်သွား၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာရိုက်ထားသောသူနှစ်ယောက်တို့၏ ခြေကိုချိုးလေ၏။ ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကိုမြင်လျှင် ခြေကိုမချိုးဘဲ၊ စစ်သူရဲတစ်ယောက်သည် နံဖေးတော်ကိုလှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ခြင်းထွက်လာ၏။

ပိလတ်မင်းသည် အခွင့်ပေးလျှင်၊ ထိုသူ[အရိမသဲမြို့သားယောသပ်]သည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။ အထက်က ညဥ့်အခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက် [၇၅ ပေါင်] အချိန်ရှိသော မုရန်နှင့် အကျော်[ရှားစောင်းလက်ပတ်ဆီ] တို့ကိုရောနှောသော နံ့သာပျောင်းကို ဆောင်လျက်လာ၏။ ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သော ပြင်ဆင်ခြင်းထုံးစံ ရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တစ်ယောက်ကိုမျှမသင်္ဂြိုဟ်ဘူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။ ယုဒလူတို့၏ အဖိတ်နေ့ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းအတွင်း၌ အလောင်းတော်ကိုထားကြ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၂ဝ)
ခုနှစ်ရက်တွင် ပဌမနေ့ရက်၊ မိုဃ်းမလင်းမှီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့သွား၍ တွင်းဝ၌ပိတ်ထားသောကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင်၊ ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ “သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိ!” ဟု ပြောဆို၏။

ထိုအခါ ပေတရုနှင့် အခြားသောတပည့်တော်သည် ထွက်၍ သင်္ချိုင်းတော်သို့သွားကြ၏။ ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော်၊ ငုံ့၍ကြည့်သဖြင့်၊ ပိတ်ပုဆိုးရှိရစ်သည်ကိုမြင်လျှင်၊ မဝင်ဘဲနေ၏။

ရှိမုန်ပေတရုသည် နောက်သို့လိုက်၍ ရောက်သောအခါ၊ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊ ခေါင်းတော်၌ရှိသောပုဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီလိပ်လျက်ရှိသည်ကို၎င်း မြင်လေ၏။ ထိုအခါ သင်္ချိုင်းတော်သို့ရောက်သော အခြားတပည့်တော်သည် ဝင်၍မြင်သဖြင့် ယုံလေ၏။ ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည်ကြသေး။ နောက်မှ ထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။

မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ့၍ တွင်းထဲသို့ကြည့်လျှင်၊ ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော်လျောင်းရာအရပ်၊ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်ကြသည်ကို မြင်လေ၏။

ထိုသူတို့က၊ “အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း?” ဟု မေးလျှင်၊

“ကျွန်မ၏သခင်ကို ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိပါ” ဟု ပြောဆို၏။

ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကိုမြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကိုမသိ။

ယေရှုကလည်း၊ “အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း? အဘယ်သူကိုရှာသနည်း?” ဟု မေးတော်မူ၏။

မာရိက၊ “သင်သည် သူ့ကိုယူဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မယူသွားပါမည် အရှင်” ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။

ယေရှုကလည်း၊ “မာရိ” ဟု ခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ “ရဗ္ဗုနိ!” ဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ “အရှင်ဘုရား” ဟု ဆိုလိုသတည်း။

ယေရှုကလည်း၊ “ငါ့ကိုမဘက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့သွားလော့။ ‘ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်’ အကြောင်းအရာကို ကြားပြောလော့” ဟု မိန့်တော်မူသည်နှင့်အညီ၊

မာဂဒလမာရိသည်သွား၍ မိမိသည် သခင်ကိုတွေ့မြင်သည်ကို၎င်း၊ ထိုသို့မိန့်တော်မူသည်ကို၎င်း၊ တပည့်တော်တို့အား ကြားပြောလေ၏။

ခုနှစ်ရက်တွင် ပဌမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ “သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း” ဟု မိန့်တော်မူ၏။

ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့်နံဖေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။ တစ်ဖန် ယေရှုက၊ “သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကိုငါစေလွှတ်သည်” ဟု မိန့်တော်မူပြီးလျှင်၊ ထိုသူတို့အပေါ်၌မှုတ်လျက်၊ “သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့…” ဟု မိန့်တော်မူ၏။

ထိုသို့ ယေရှုသည် ကြွလာတော်မူသောအခါ တမန်တော်တစ်ကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့် အတူမရှိ။ ထိုသူတို့ကလည်း၊ “အကျွနု်ပ်တို့သည် သခင်ကိုမြင်ရကြပြီ!” ဟု သောမအားပြောဆိုကြလျှင်၊

သောမက၊ “လက်တော်၌သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့်မစမ်းမသပ်ရလျှင် အကျွနု်ပ်မယုံ” ဟု ဆို၏။

ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တစ်ဖန် အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ “သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း” ဟု မိန့်တော်မူ၏။

ထိုအခါ သောမအား၊ “သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဖေးကိုစမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့!” ဟု မိန့်တော်မူ၏။

သောမကလည်း၊ “အကျွနု်ပ်၏အရှင်၊ အကျွနု်ပ်၏ဘုရားသခင်ပါတကား!” ဟု ပြန်၍လျှောက်၏။

ယေရှုကလည်း၊ “သင်သည် ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏” ဟု မိန့်တော်မူ၏။

ယေရှုသင့်ကို ဘာပေးအပ်နေပါသလဲကြည့်ပါ။ ကျေးဇူးပြု၍ “မျက်ကန်းယုံကြည်မှု၏အလွန်” ကို ဖတ်ရှုပါ။

မှတ်ချက် - အခြားညွှန်းဆိုမှုမပါရှိပါက၊ သမ္မာကျမ်းစာကိုးကားချက်အားလုံးသည် ဆရာကြီးယုဒသန် မူရင်းဂရိနှင့်ဟေဗြဲဘာသာမှ မြန်မာဘာသာသို့ အနက်ပြန်ဆိုထားသော သမ္မာကျမ်းစာမှ ကိုးကားဖော်ပြချက်များ ဖြစ်ပါသည်။ ထောင့်ကွင်း [] ဖြင့် ဖြည့်စွက်ရေးသားချက်များမှာ ယင်းမူရင်းကျမ်း၏အဆိုအရ စာရေးသူမှ ဖြည့်စွက်ရေးသားထားခြင်း ဖြစ်ပါသည်။ (ဘာသာပြန်)

ဘုရားသခင်နဲ့ဆက်သွယ်မှု ဘယ်လိုအစပြုမလဲ?

မေးစရာတစ်ခုရှိပါတယ်